DVB Logo
Home
မြန်မာသတင်း
အစုအဖွဲ့ပိုင်သစ်တော စိုက်ပျိုးအောင်မြင်သည့် တောင်သူများကို ဆိုလာနှင့်မီးဖိုများ ပေးအပ်
DVB
·
June 15, 2017
အစုအဖွဲ့ပိုင်သစ်တော စိုက်ပျိုးအောင်မြင်သည့် တောင်သူများကို ဆိုလာနှင့်မီးဖိုများ ပေးအပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ယင်းခဲကြိုးဝိုင်းအတွင်း ကျောက်ထုံးကြီး၊ နွယ်နီ၊ ကြည်နူးစတဲ့ရွာ ၃ ရွာက အစုအဖွဲ့ပိုင် သစ်တော အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးခဲ့တဲ့တောင်သူတွေကို ခရိုင်သစ်တောဦးစီးဌာနက ပထမဆုံးအကြိမ်အဖြစ် ဆိုလာနဲ့ မီးဖိုတွေထောက်ပံ့ခဲ့ပါတယ်။

ဘက္ထရီ၊ အင်ဗာတာ၊ ဆိုလာ၊ မီးသီး၊ မီးချောင်းအစုံပါ ၁ စုံကို ၆ သိန်းကျော်တန် ၆ စုံ၊ ငွေကျပ် ၄၅၀၀၀ ကျပ်တန် လောင်စာချွေတာမီးဖို ၁၅ လုံးနဲ့ ဒေသခံတောင်သူ ၆၀ လောက်ကို တီရှပ်အင်္ကျီတွေ အခမဲ့ပေးဝေခဲ့ပါတယ်။

ဒေသတွင်းသစ်တောတွေပြန်လည် ပြုစုပျိုးထောင်ရေး၊ ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလျော့နည်းစေရေးစတဲ့ ကိစ္စတွေမှာ ပြည်သူတွေ ပိုမိုပူးပေါင်းလာစေဖို့ ရည်ရွယ်ပြီး စိတ်ပါဝင်စားစွာနဲ့ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့သူတွေကို စံပြအဖြစ် အခုလို ထောက်ပံ့ပေးတာဖြစ်ပါတယ်။

“ကသာခရိုင်အတွင်းမှာ သစ်တောဖုံးလွှမ်းမှုက ၅၂ ရာခိုင်နှုန်း ရှိတယ်။ ယင်းခဲကြိုးဝိုင်းဆိုတာက တချိန်က အဖိုးတန်သစ်တွေထွက်တဲ့ နာမည်ကျော်ကြိုးဝိုင်း။ အဲဒီကြိုးဝိုင်းကို ပြန်လည်ပြုစုပျိုးထောင်နိုင်ဖို့အတွက် ကြိုးဝိုင်းအတွင်းမှာ ကျုးကျော် လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေစာရင်းကို ၂၀၁၃ ခုနှစ်က စတင်ကောက်ယူခဲ့တယ်။ ၂၀၁၄ ကစပြီး ဒီတောင်သူတွေကို မြေလည်းမသိမ်းဘူး။ တောင်သူလည်းလုပ်၊ သစ်တောလည်းစိုက်ဆိုပြီး နှစ် ၃၀ လုပ်ပိုင်ခွင့်လက်မှတ်တွေထုတ်ပေးတယ်။ ဌာနကလည်း ဒေသခံတွေစိတ်ဝင်စားတဲ့ ပျဉ်းကတိုး၊ လျှော်ဖြူ၊ ကျွန်းစတဲ့ပျိုးပင်တွေကို အခမဲ့ဖြန့်ဝေပေးခဲ့တယ်။ အစကတော့ တောင်သူတွေက စိတ်ဝင်စားမှုနည်းတယ်။ မြေယာပိုင်ဆိုင်ရေးကိုပဲ စိတ်အားထက်သန်ကြတယ်။ ခုနောက်ပိုင်းတော့ ဌာနက လှုံ့ဆော်စည်းရုံး ဟောပြောတာတွေ လုပ်လာတဲ့အတွက် သဘောပေါက်ပြီး စိုက်ပျိုးချင်သူတွေ အရင်ကထက် ပိုများလာပါပြီ"လို့ ကသာခရိုင်သစ်တော လ/ထညွှန်မှူး ဦးသောင်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။

ကသာခရိုင်၊ ယင်းခဲကြိုးဝိုင်းအတွင်း သစ်တောများပြန်လည်ထွန်းကားလာရေးစီမံချက်နဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပျဉ်းကတိုး၊ လျှော်ဖြူ၊ ကျွန်းစတဲ့ ပျိုးပင်ပေါင်း ၆ သိန်း ၆ သောင်းလောက် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။

လက်ရှိအထိ ပျိုးပင် ၁ သိန်း ၃ သောင်းကျော်စိုက်ပျိုးခဲ့ပြီး ကျန်ရှိတဲ့အရေအတွက်ကိုလည်း ဆက်လက်စိုက်ပျိုးနေပါတယ်။

ပျိုးပင်အရေအတွက်ကတော့ တောင်သူတွေလိုအပ်သလောက် သစ်တောဌာနက အခမဲ့ဖြန့်ဝေပေးနေတာဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ဆိုလာနဲ့မီးဖိုတွေ ပေးအပ်ပွဲကို ကသာခရိုင်သစ်တောဦးစီးဌာနက လ/ထညွှန်မှူး ဦးသောင်းနိုင်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနဲ့ ဒေသခံတောင်သူတွေတက်ရောက်ခဲ့ကြပါတယ်။

"ဒီလိုလုပ်တာကို ဒေသခံတစ်ဦးအနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ပါ သဘောကျတယ်။ ဒီလိုတွေများများလုပ်ဖို့လိုအပ်တယ်။ ဒါမှသာ ပျက်ယွင်းနေတဲ့ ဂေဟစနစ်၊ ဖောက်ပြန်နေတဲ့ရာသီဥတု၊ ပြုန်းတီးနေတဲ့သစ်တောတွေကို ပြန်လည်ကုစားနိုင်မယ်။ သက်ဆိုင်ရာအနေနဲ့လည်း များများလုပ်ဆောင်ဖို့လိုအပ်သလို ပြည်သူတွေအနေနဲ့လည်း ပိုမိုပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ဆောင်ရွက်သွားပါမယ်"လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဒီဗွီဘီ ကိုပြောပါတယ်။

ပုဂ္ဂလိကပိုင်နှင့် အစုအဖွဲ့ပိုင်သစ်တောတွေကို ယင်းခဲကြိုးဝိုင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၁ ဧကကို ပျိုးပင် ၁၅၀ နှုန်းနဲ့စိုက်ပျိုးနေပါတယ်။ အနည်းဆုံး ၁၅ ဧက ကနေ အများဆုံ ဧက ၁၃၀ ထိစိုက်ပျိုးသူတွေရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013