DVB Logo
Home
မြန်မာသတင်း
မတင်ညွန့် ဗွီဒီယိုဖိုင်ရိုက်ကူးသူနှင့် ဖေ့စ်ဘွတ်ခ်ပေါ် တင်သူတို့အား ၆၆ (ဃ) ဖြင့် အမှုဖွင့်
DVB
·
June 15, 2017
မတင်ညွန့် ဗွီဒီယိုဖိုင်ရိုက်ကူးသူနှင့် ဖေ့စ်ဘွတ်ခ်ပေါ် တင်သူတို့အား ၆၆ (ဃ) ဖြင့် အမှုဖွင့်
Donate to DVB

မတင်ညွန့် Video ဖိုင်အား ရိုက်ကူးခဲ့သူနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ပေါ်တင်ခဲ့သူကို မတင်ညွန့်ရဲ့ အမျိုးသားဖြစ်သူက ဒီနေ့ မွန်းလွဲပိုင်းမှာ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းကို လာရောက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်သွားတယ်လို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ပြောပါတယ်။

မတင်ညွန့်ရဲ့အမျိုးသား ကိုရဲဝင်းက “၉ ရက်နေ့ကတည်းက သူတို့က ကျနော်စိုက်ထားတဲ့ အကွက်ထဲကို နွားတွေမောင်းချပြီး ကျောင်းတာ။ အဲဒါကြောင့် စကားများ ရန်ဖြစ်ကြတယ်ပေါ့ဗျာ။ အဲဒါကိုသူတို့က စခန်းကိုသွားတိုင်တယ်။ စခန်းက ၁၀ ရက်နေ့မှာ ကျနော်တို့ကို ခေါ်လို့သွားပြီး ရှင်းလင်းနေတဲ့အချိန် နောက်ပိုင်းမှာ သူတို့က နွားတွေကို ဆက်ပြီးမောင်းချတယ်။ အဲဒီမှာ မတင်တို့ သားအမိနှစ်ယောက်ပဲ ရှိနေခဲ့တယ်။ အဲဒါကြောင့် နွားတွေကို သွားမောင်းတဲ့အချိန် ၀င်းအေးက ဗွီဒီယို ရိုက်ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်တင်တယ်ပေါ့ဗျာ။ အဲဒါကြောင့် အမှုဖွင့်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့က လယ်ကွင်းအတွင်း နွားများလွှတ်ကျောင်းတဲ့ ကိစ္စနဲ့ အတိုင်းခံထားရလို့ ကိုရဲဝင်းက ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းကို ဇွန်လ ၁၀ ရက်နေ့မှာ ရှင်းလင်းဖို့ သွားရောက်ခဲ့ရာ အိမ်မှာ မတင်ညွန့်နဲ့ သမီးဖြစ်သူသာ ကျန်နေခဲ့ပြီး အဲဒီအချိန် နွားတွေ ထပ်မံလွှတ်ကျောင်းတဲ့အတွက် မတင်ညွန့်က သွားရောက်တားမြစ်ချိန်မှာ အေးဝင်းဆိုသူက ဗွီဒီယို ရိုက်နေလို့ သွားပြောစဉ် ချော်လဲခဲ့ပုံကို ဗွီဒီယိုရိုက်ပြီး တင်ထွဋ်ကို သွားရောက်ပေးခဲ့ပြီး Tin Htut အကောင့်နဲ့ ကိုတင်ထွဋ်က ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ကိုတင်ထွဋ်ကို ဒီဗွီဘီက မေးမြန်းရာ “Facebook ပေါ်တင်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့တော့ သတင်းသမား တစ်ယောက်အနေနဲ့ သတင်းသွားယူတယ်။ ဒီကျေးရွာအုပ်စုမှာ နွားကျောင်းသားနဲ့ စားကျက်ကျူးကျော်သူတို့ ထိပ်တိုက်တွေပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ ဒီအမျိုးသမီးရဲ့ တကယ်လုပ်နေတဲ့ ဖြစ်ရပ်ကို ဖေ့စ်ဘွတ်ခ် ပေါ်တင်လိုက်မိတယ်" လို့ ပြောပါတယ်။

ဗွီဒီယိုရိုက်ကူးသူ ကိုဝင်းအေးနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ကိုတင်ထွဋ်တို့  ၂ ဦးကို ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်းက (ပ)၁၅၉ /၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ (ဃ) နဲ့ အမှုဖွင့် ထားပြီး သက်သေခံပစ္စည်းတွေ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013