
မကွေးတိုင်း၊ ယောဒေသဖြစ်တဲ့ ပေါက်မြို့နယ် ကပစ-၂၄ က ထွက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရထားတယ်လို့ မဟာမိတ်တပ်တွေဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ယောတပ်တော် (YA) တို့က မေ ၃၁ ရက်မှာ ထုတ်ပြန် ပါတယ်။
ပေါက်မြို့နယ် ကပစ-၂၄ က မေ ၁၁ ရက်မှာ ထွက်လာတဲ့ အင်အား ၄၀၀ ပါ စစ်ကြောင်းနဲ့ မေ ၂၂ ရက်က ထွက်လာတဲ့ အင်အား ၉၀၀ ပါ စစ်ကြောင်းတို့ကို မေ ၂၃ ရက်မှာ မဟာမိတ် ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲ ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိလည်း တိုက်ပွဲဆက်ဖြစ်နေဆဲလို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
တိုက်ပွဲကာလအတွင်းမှာလည်း စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်းမှာလည်း မဟာမိတ်တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက်စွန့်လွှတ်သွားသူတွေလည်းရှိတယ်လို့ ယောတပ်တော်က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဆက်လက်ပြီး ပြင်းထန်လာနိုင်တာကြောင့်လည်း ပြည်သူလူထုတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်တပ်ဟာ မကွေးနဲ့ ချင်းတောင်းအစပ်ရှိ ယောဒေသ၊ ဆောမြို့နယ်ကို မေလအစောပိုင်းကတည်းက အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒီကတဆင့် ချင်းတောင်ရှိ ကန်ပက်လက်မြို့နယ်နဲ့ မင်းတပ်မြို့နယ်တို့ကို စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ ချင်းပြည်တောင်ပိုင်းမှာ ကန်ပလက်မြို့နယ်နဲ့ မင်းတပ်မြို့နယ်အတွင်း ဆက်လက် တိုက်ပွဲတွေ ရှိနေကြပြီး ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) တို့နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းပြီး စစ်တပ်ရဲ့ထိုးစစ်ကို တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။










