DVB Logo
Home
Lead Story
ရင်ဝမှာ အဆိပ်ပြင်းမြား ၅ စင်း စိုက်ဝင်နေတဲ့ နိုင်ငံတော်
DVB
·
June 15, 2017
ရင်ဝမှာ အဆိပ်ပြင်းမြား ၅ စင်း စိုက်ဝင်နေတဲ့ နိုင်ငံတော်
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က Myanmar Now ရဲ့ အင်တာနက် သတင်းစာမျက်နှာထက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၁၃ နှစ်အရွယ် မိန်းကလေးတဦးဟာ အိမ်အကူအဖြစ် တလအကြာ လုပ်ကိုင်စဉ်အတွင်း အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နေ့စဉ် ထမင်း ၁ နပ်သာ စားခွင့်ရခဲ့တယ်ဆိုတဲ့ သတင်းကို စိတ်မချမ်းမြေ့စရာ ဖတ်လိုက်ရပါတယ်။

“နေ့လယ် ၃ နာရီလောက်မှ မနက်စာ စားရတယ်။ တနေ့လုံးကို အဲဒီတနပ်ပဲ စားရတယ်” လို့ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရသူ အိမ်အကူ မိန်းကလေးငယ် မခိုင်နှင်းဝေက ပြောခဲ့ပါတယ်။

အလုပ်မျိုးစုံ ပင်ပင်ပန်းပန်း လုပ်ကိုင်ရပြီး ဘယ့်အတွက်ကြောင့် ဝဝလင်လင် စားသောက်ခွင့်မရသည့် အကြောင်းရင်းကို မခိုင်နှင်းဝေက ပြောပြခြင်း မရှိပေမယ့် သူမရဲ့ ဒဏ်ရာတွေဟာ အိမ်ရှင်က ဝါးတုတ်၊  ရေနွေးပူ၊ မီးပူ၊ ကတ်ကြေးတို့ကို အသုံးပြုပြီး ညှဉ်းပန်းနှိပ်စက်တာကြောင့် ရရှိလာတာလို့ ပြောပါတယ်။

နောက်တခါ ဇွန်လ ၇ ရက်နေ့ Myanmar Now သတင်းမှာပဲ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ကြီးပွားရေးရပ်ကွက်၊ အောင်မေတ္တာလမ်း၊ တိုက်အမှတ် (၄)၊ အခန်း ၂၂ မှာ အိမ်အကူလုပ်နေတဲ့ အသက် ၁၂ နှစ်အရွယ် မသန္တာလှိုင်ဟာ ဇွန်လ ၃ ရက်နေ့က အညိုအမည်းဒဏ်ရာနဲ့ ထွက်ပြေးလာတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ အိမ်ရှင် နှိပ်စက်ညှဉ်းပန်းထားကြောင်း သိရတဲ့အတွက်ကြောင့် အဆိုပါရပ်ကွက်ရဲ့ ရာအိမ်မှူး ဦးအောင်ကြည်ဝင်းက တိုင်ကြားခဲ့ရတဲ့သတင်းကို ဆက်တိုက်ဖတ်ရပြန်ပါတယ်။

မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်လာတဲ့ မီဒီယာခေတ်၊ ဖေ့စ်ဘွတ်ခ်ခေတ်ရဲ့ အထောက်အပံ့တွေကြောင့် အခုလို မတရား အနိုင်ကျင့်နှိပ်စက်မှုတွေ လူမြင်ကွင်းမှာ ပေါ်တန်သလောက် ပေါ်လာပေမယ့် လူမသိသူမသိ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကျိတ်ပြီး ဒူးနဲ့မျက်ရည်သုတ်လို့ ခေါင်းငုံ့ခံနေရတဲ့ မြန်မာပြည် တနံတလျားက အားကိုးရာမဲ့ အိမ်အကူ ကလေးငယ်တွေ၊ မိဘမဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေ အမြောက်အမြား ကျန်ရှိနေပါသေးတယ်။

မိမိက လစာရိက္ခာပေးထားရလို့ ဖြစ်ဖြစ်၊ မိမိကို မှီခိုအားကိုးနေထိုင် ရပ်တည်ရသူတွေအပေါ်၊ မိမိမှာ အသာစီးရှိနေတဲ့ အခြေအနေတရပ်ရပ်ပေါ် အခွင့်ကောင်းယူပြီး ကံကြောင်းမလှရှာတဲ့သူတွေအပေါ်  ညှဉ်းပန်းနှိပ်စက်တယ်၊ အနိုင်ကျင့် ဗိုလ်ကျတယ်ဆိုတာ အလွန်ရှက်စရာကောင်းပါတယ်။ ဗိုလ်ကျစီးပိုးမှုဆိုတာ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ ပြယုဂ်သာ ဖြစ်ပါတယ်။

ဘာကြောင့် သနားကြင်နာစိတ်ရှိတယ်လို့ ကျော်ကြားဖူးတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူမဆန်တဲ့ လူလူချင်း အနိုင်ကျင့် ဗိုလ်ကျမှုစိတ်၊ အင်အားကြီးသူ၊ လက်နက်ရှိသူ၊ လူအုပ်စုတောင့်သူ၊ ဥစ္စာရှိသူ၊ ပညာရှိသူ၊ အဆက်အသွယ်ရှိသူက အားနည်းသူတွေအပေါ် အားကိုးရာမဲ့နေသူတွေကို အနိုင်ကျင့် အကြမ်းဖက် အဖြေရှာချင်တဲ့ စိတ်ယုတ်စိတ်ညံ့တွေ ပိုလို့ တိုးပွားပေါ်ပေါက်လာရတာပါလဲ။

ဗိုလ်ကျ ဘူလီလုပ်တဲ့သူတွေဟာ... တချိန်ချိန် တနေရာရာမှာ ဘူလီအလုပ်ခံရဖူးသူတွေ ဖြစ်တတ်တယ်လို့ စင်ကာပူက ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ဘူလီဗိုလ်ကျမှု လေ့လာစူးစမ်းရေးစာတမ်းက အတည်ပြုထားပါတယ်။ အထူးသဖြင့် အသိဉာဏ်ဖွံ့ဖြိုးမှု နောက်ကျပြီး နဂိုအခံ ဗီဇစရိုက် မကောင်းတဲ့သူတွေဟာ တချိန်ချိန်မှာ သူတို့ကိုယ်တိုင် ဗိုလ်ကျတဲ့သူတွေ ဖြစ်သွားတော့တာပါပဲ။ မြန်မာပြည်သူတွေက စစ်အာဏာရှင်စနစ်ရဲ့ ဗိုလ်ကျဘူလီလုပ်ခြင်းခံရတာ နှစ် ၅၀ ကျော်ဆိုတော့ ဗီဇမကောင်းသူတွေဆီမှာ အဲဒီဗိုလ်ကျတဲ့ ဘူလီပိုးက ကူးစက်ကုန်တဲ့ သဘောပါပဲ။

လွန်ခဲ့တဲ့ ၅၅ နှစ်လောက်က ၁၉၆၂ ခုနှစ်မှာ ကံကြမ္မာငင်ခဲ့ရှာတဲ့ မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေဝင်းက လက်နက်နဲ့ အာဏာသိမ်းယူလိုက်တာဟာ နိုင်ငံတော်ရဲ့ အိမ်ခေါင်ဖျားမှာ လူလူချင်း ဗိုလ်ကျဘူလီလုပ်တဲ့ အလံကို အမြင့်ဆုံး လွှင့်ထူလိုက်တာပါပဲ။ အဲဒီကတည်းကစပြီး တိုင်းပြည်မှာလည်း နိုင်ရာနိုင်ရာ၊ ပိုင်ရာဆိုင်ရာအလိုက် အားကြီးသူ၊ အသာစီးရတဲ့သူတွေက ဗိုလ်ကျဘူလီယဉ်ကျေးမှုဆိုးကြီးကို ဗွက်ထအောင် ကျင့်သုံးခဲ့ကြတာ ဒီကနေ့ထိတိုင် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်နေကြတာ မဟုတ်လား။

တကယ်တော့ ဗိုလ်ကျဘူလီလုပ်တယ်ဆိုတာ တို့တိုင်းပြည်ရဲ့ ရင်ဝထက် နှလုံးသားတည့်တည့်မှာ စိုက်ဝင်နေတဲ့ အဆိပ်ပြင်းတဲ့ မြား ၅ စင်းထဲက မြားတချောင်း ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရင်ဝနှလုံးသား တည့်တည့်မှာ စူးစိုက်ဝင်နေတဲ့ မြား ၅ စင်း ရှိပါတယ်။ အဲ့ဒါတွေကတော့ …

၁) အင်အားသုံး အကြမ်းဖက်ဖိနှိပ် ဗိုလ်ကျအနိုင်ယူလိုခြင်းဆိုတဲ့ မြားတစင်း

၂) အခွင့်ထူးခံလိုခြင်းဆိုတဲ့ မြားတစင်း

၃) အကျင့်သီလဖောက်ပြန် ကျိုးပြတ်ခြင်းဆိုတဲ့ မြားတစင်း

၎) တာဝန်မခံလိုခြင်း၊ တာဝန်မယူလိုခြင်းဆိုတဲ့ မြားတစင်း

၅) စည်းကမ်းမဲ့ခြင်းဆိုတဲ့ မြားတစင်း

အင်အားသုံး အကြမ်းဖက်ဖိနှိပ် ဗိုလ်ကျအနိုင်ယူလိုခြင်းဆိုတဲ့ "မြား"

ဒီမြားဟာ လူလူချင်း၊ နိုင်ငံသားအချင်းချင်းကို အကြမ်းဖက်အဖြေရှာ ဖိနှိပ်အနိုင်ယူတတ်ပြီး နှစ် ၇၀ ကျော် ဖြစ်ပွားနေတဲ့ ကမ္ဘာအရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေအောင်၊ ညီညွတ်မှုကို တည်ဆောက်လို့ မရအောင်၊ ငြိမ်းချမ်းရေးမရအောင် တားဆီးပိတ်ဆို့ထားနိုင်တဲ့ အဖျက်စွမ်းအားကြီးမားတဲ့ အဆိပ်မြား ဖြစ်ပါတယ်။

အခွင့်ထူးခံလိုခြင်းဆိုတဲ့ “မြား”

ဒီမြားကလည်း မိဘပြည်သူတွေ ခေါင်းထက်မှာ နေချင်တဲ့စိတ်၊ တရားဥပဒေအထက် နေလိုတဲ့စိတ်၊ မိုးကျရွှေကိုယ် ရာထူးယူလိုတဲ့စိတ်တွေ ဖြစ်တာမို့၊ သာမန်ပြည်သူတွေနဲ့ အခွင့်ထူးခံတွေကြားမှာ သွေးခွဲပိုင်းခြားပြီး တရားဥပဒေ မစိုးမိုးအောင် ဦးတည်စေနိုင်တဲ့ အဖျက်စွမ်းအားကြီးမားတဲ့ အဆိပ်မြား ဖြစ်ပါတယ်။

အကျင့်သီလဖောက်ပြန် ကျိုးပြတ်ခြင်းဆိုတဲ့ “မြား”

ဒီမြားကတော့ တိုင်းသူပြည်သားတွေကို အလုံးအရင်းနဲ့ မိုးခါးရေသောက်စေပြီး အဂတိလိုက်စား အကျင့်ပျက်ခြစားလို့ တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးဝှက်ယူငင်ကြပြီး မကောင်းတဲ့ အကုသိုလ်ကံများစွာကို ကျူးလွန်စေတတ်တဲ့ နိုင်ငံပျက်စေအောင် အဖျက်စွမ်းအားကြီးမားတဲ့ အဆိပ်မြား ဖြစ်ပါတယ်။

တာဝန်မခံလိုခြင်း၊ တာဝန်မယူလိုခြင်းဆိုတဲ့ “မြား”

ဒီမြားကလည်း မိမိမှားခဲ့တာတွေ၊ မတရားသဖြင့် ကျူးလွန်ခဲ့တာတွေကို တာဝန်မခံလိုခြင်း၊ တာဝန်မယူလိုခြင်း ဆိုတာဟာ တိုင်းပြည်ကို လမ်းမှန်ပေါ် မရောက်အောင်၊ သမိုင်းမှန်တွေ ပေါ်ထွက်မလာအောင် ပိတ်ပင်ကာဆီးထားတဲ့အပြင် နောင်လာနောက်သားတွေကို မလုပ်သင့်တာတွေ လိုက်ပါလုပ်ဆောင်လာအောင် နမူနာဆိုး ပြသနေတာမို့ အဖျက်စွမ်းအားကြီးမားတဲ့ အဆိပ်မြား ဖြစ်ပါတယ်။

စည်းကမ်းမဲ့ခြင်းဆိုတဲ့ “မြား”

ဒီမြားကတော့ လူတဦးချင်းစီအတွက်ဖြစ်ဖြစ်၊ တတိုင်းပြည်လုံးအတွက်ဖြစ်ဖြစ် အလွန်အရေးပါ တန်ဖိုးကြီးတဲ့ ဥပဒေတွေကို လေးစားလိုက်နာလိုတဲ့စိတ်၊ စည်းကမ်းစနစ်တကျနဲ့ နိုင်ငံသားကောင်းပီသစွာ နေလိုတဲ့စိတ်တွေကို ဖျက်ဆီးလို့ တိုင်းပြည်ကို ရှုပ်ပွညစ်ထေးနေအောင်၊ အနိဋ္ဌာရုံတွေ ပြည့်လျှမ်းစေတတ်တာမို့ အဖျက်စွမ်းအားကြီးမားတဲ့ အဆိပ်မြား ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးရဲ့ နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံသားအားလုံးကို အောက်ပါအတိုင်း အလေးအနက် မေတ္တာရပ်ခံ အကြံပြုလိုပါတယ်။

အာဏာရှင်အမှောင်ခေတ်မှာ ဘယ်လောက် အာဏာမက်ခဲ့၊ လူလူချင်း ဗိုလ်ကျအနိုင်ယူခဲ့ကြပါစေ၊ အခွင့်ထူးခံခဲ့ကြပါစေ ဒီမိုကရေစီအလင်းခေတ်ကို  ကူးပြောင်းချိန်မှာတော့ ကိုယ်ကျိုးအတွက် အာဏာမက်နေကြတာ၊ လူလူချင်း ဗိုလ်ကျ အနိုင်ကျင့်နေတာတွေ၊ မထိုက်တန်ဘဲ အခွင့်ထူးဆက်ခံချင်တာတွေ ရပ်တန်းက ရပ်လိုက်ကြပါတော့။

အာဏာရှင်အမှောင်ခေတ်မှာ တိုင်းပြည်ကို အကျိုးမဲ့အောင် လူထုကို နှိပ်စက်ဖို့ ဘယ်လောက်ပဲ အာဏာရှင်လူတစုရဲ့ အသုံးချခံခဲ့ရပေမယ့် ဒီမိုကရေစီအလင်းခေတ်ကို ကူးပြောင်းချိန်မှာတော့ လူတစုရဲ့ အသုံးချခံနေရတဲ့ဘဝကနေ ရုန်းထွက်လိုက်ပါတော့။ အာဏာရှင်အမှောင်ခေတ်မှာ ထမင်းတလုတ်နဲ့ ရာထူးတက်ဖို့ အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင်စနစ်နဲ့ အသိုင်းအဝိုင်းတွေကို ဘယ်လိုပဲ ထောက်ခံမိခဲ့ပါစေ၊ ဒီမိုကရေစီ အလင်းခေတ်ကို ကူးပြောင်းချိန်မှာတော့ လူများစုကို ဒုက္ခပေးတဲ့ အာဏာရှင်စနစ်ကို တမ်းတ ထောက်ခံနေတာတွေ ရပ်လိုက်ပါတော့။

အာဏာရှင်အမှောင်ခေတ်မှာ ဘယ်လောက် အမြင်ကန်းခဲ့ ကန်းခဲ့၊ ဘယ်လောက် တာဝန်မခံ၊ တာဝန်မယူခဲ့ကြပေမယ့်... ဒီမိုကရေစီအလင်းခေတ်ကို ကူးပြောင်းချိန်မှာတော့ အမြင်မှန်ရှိဖို့ ကြိုးစားပါတော့။

အာဏာရှင်အမှောင်ခေတ်မှာ ဘယ်လောက်ခိုးခဲ့၊ လာဘ်ယူခဲ့ပေမယ့် ဒီမိုကရေစီ အလင်းခေတ်ကို ကူးပြောင်းချိန်မှာတော့ ဆက်ခိုးနေတာတွေ၊ လာဘ်စားနေတာတွေ ရပ်လိုက်ပါတော့။

အာဏာရှင်အမှောင်ခေတ်မှာ လူမျိုးခြားမုန်းတီးမှု၊ ဘာသာခြားမုန်းတီးမှုတွေ ဘယ်လိုပဲ တောက်လောင်ခဲ့ပါစေ ဒီမိုကရေစီအလင်းခေတ်ကို ကူးပြောင်းချိန်မှာတော့ အမျိးသားရေးဗန်းပြပြီး လူမျိုးရေးအစွန်းရောက်တာ၊ ဘာသာရေး အစွန်းရောက်တာတွေ ရပ်လိုက်ပါတော့။

မကောင်းတဲ့စိတ်ဓာတ်တွေကို ပြုပြင်ဖို့ အချိန်လည်း ရောက်နေရက်သားနဲ့ ပြောင်းလဲပစ်ဖို့ အခြေအနေတွေ ပေးပါရက်နဲ့ အများပြည်သူဘဝကို မစာနာဘဲ မိမိတကိုယ်တည်း အတ္တအရေး၊ မိမိဆွေမျိုး မိသားစုအရေး၊ မိမိတဘာသာအရေး၊ မိမိလူတမျိုးအရေးကိစ္စကိုသာ အလွန်အကျွံ ရှေ့တန်းတင်ပြီး အမှား၊ အမှန် မခွဲခြားတော့ဘဲ ဆိုးမြဲတိုင်းဆိုး၊ ခိုးမြဲတိုင်းခိုး၊ အစွန်းရောက်မြဲရောက်၊ အမှားလမ်းပေါ် ဆက်လျှောက်နေရင်တော့ ပစ္စပ္ပန်ဘဝလည်းရှုံး၊ သံသရာမဆုံးအောင် ဘဝတုံးရတတ်ပါတယ်။

ဟိရီနဲ့ သြတ္တပ္ပ ဆိုတဲ့ မကောင်းမှု ပြုရမှာကို ရှက်ခြင်း၊ ကြောက်ခြင်းတရားတွေ မရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အသိဉာဏ်ဦးမစီးနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ်ကျင့်သီလ ချို့ယွင်းနေတဲ့ ပုဂ္ဂိုလ်တွေ မပြုလုပ်ရဲတဲ့ကံ၊ မကျူးလွန်ရဲတဲ့ ရာဇဝတ်မှုဆိုတာ ဒီလောကမှာ မရှိနိုင်တော့ပါဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေသွားမယ့် လားရာကလည်း နှစ်လိုဖွယ်မရှိတဲ့အရပ်တွေ၊ ဒုက္ခတိဘုံတွေဆီကိုပါပဲ။

မြန်မာနိုင်ငံသားတိုင်း နိုင်ငံရဲ့ ရင်ဝနှလုံးသားတည့်တည့်မှာ စူးစိုက်ဝင်နေတဲ့  အဆိပ်ပြင်းမြား ၅ စင်းကို နုတ်ယူကုသရာမှာ ဝိုင်းဝန်းကူညီ အားဖြည့်နိုင်ကြပါစေ။ ပြည်သူတိုင်း ကောင်းသောကံများ ပြုနိုင်လျက် ကောင်းမွန်သော လားရာများဆီ ဦးတည်  လျှောက်လှမ်းနိုင်ကြပါစေ။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013