DVB Logo
Home
မြန်မာသတင်း
ခုန်ချသတ်သေခဲ့သည့် အိမ်အကူမိန်းကလေးနေအိမ်မှ ဘိုးဘွားတို့ရဲ့ သနားစဖွယ်မြင်ကွင်း- (ရုပ်သံ)
DVB
·
June 15, 2017
ခုန်ချသတ်သေခဲ့သည့် အိမ်အကူမိန်းကလေးနေအိမ်မှ ဘိုးဘွားတို့ရဲ့ သနားစဖွယ်မြင်ကွင်း- (ရုပ်သံ)
Donate to DVB

စင်ကာပူနိုင်ငံမှ ၁၉ ထပ်အမြင့်ရှိတဲ့ တိုက်ခန်းတခုကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာအိမ် အကူမိန်းကလေးရဲ့ မိသားစုနေထိုင်ရာ ရခိုင်ပြည်နယ်မှ မြင်ကွင်းနဲ့ သနားစဖွယ်မြင်ကွင်းတွေကို ရိုက်ကူးထားခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်ရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။

ဇင်မာဦးလို့ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး အင်တာလေ့စ်ကွန်ဒိုမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေသူတဦးဖြစ်ကာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက အထပ်မြင့်အဆောက်အဦပေါ်ကနေ ခုန်ချခဲ့တာပါ။

ဒီရုပ်သံထုတ်လွှင့်ချက်ကိုတော့ ဝေဟင်အောင်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ထုတ်လွှင့်ခဲ့တာပါ။

အွန်လိုင်းပေါ်က မိတ်ဆွေတွေနဲ့ ကူညီထောက်ပံ့ချင်သူတွေအတွက် ခုလို လိုက်ဖ်လွှင့်ရတာဖြစ်တယ်လို့ အစပျိုးပြီး မိန်းကလေးမိသားစုနေထိုင်ရာ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာကို သွားရောက်ပြီး ကျန်ရစ်တဲ့ မိသားစုနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။

သေဆုံးသူ မိန်းကလေးဟာ ငယ်စဉ်ကတည်းက မိခင်သေဆုံးခဲ့ပြီး ဖခင်ကလည်း နောက်အိမ်ထောင်ပြုသွားခဲ့လို့ အဖိုးအဖွားတွေလက်ထဲမှာ ကြီးပြင်းခဲ့ရတယ်လို့ ဆိုပါတယ်။

မွေးချင်းလည်းမရှိဘဲ ရွာမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကတော့ ရွာမှ အိမ်အကူ လူခေါ်ပွဲစားတွေရဲ့ အဆက်အသွယ်နဲ့ စင်ကာပူနိုင်ငံကို ထွက်သွားခဲ့တာပါ။

ထွက်သွားပြီးကတည်းက သူဟာ အိမ်က အဘိုးအဘွားတွေနဲ့ တကြိမ်သာ အဆက်အသွယ်ရခဲ့တယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။

ခုလိုဖြစ်ပျက်ခဲ့ပြီးချိန်မှာတော့ ကျန်းမာရေးအခြေအနေလည်း မကောင်းလှတဲ့ ကျန်ရစ်တဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအဘွားတွေကို ကူညီပေးစေလိုကြောင်း တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ ပြောပြခဲ့တာပါ။

သေဆုံးသူ မိန်းကလေး ဇင်မာဦးရဲ့ မိသားစုနောက်ခံအခြေအနေနဲ့ ဝန်းကျင်အကြောင်းကိုတော့ ကိုဝေဟင်အောင်က ဇွန်လ ၁၄ ရက်နေ့က ခုလိုဖော်ပြခဲ့တာပါ။

မဇင်မာဦး (အသက် ၂၁ နှစ်)

(၁၂l၆l၂၀၁၇ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တိုက်ပေါ်မှ ခုန်ချ သေဆုံးခဲ့သည်)

မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု(၇)မျိုးထဲမှ ဗုဒ္ဓဘာသာဝင် မြိုအမျိုးသမီး။ သူမငယ်စဉ်ကတည်းက မိခင်မှာ သေဆုံးသွားခဲ့ပြီး ဖခင်မှာ ကျောက်တော်မြို့နယ်ဘက်တွင် နောက်အိမ်ထောင်ပြုသွားသည်။

မွေးချင်းမောင်နှမ မရှိ။ တစ်ဦးတည်းသော သမီး။ ငယ်စဉ်ကပင် အဘိုး ဦးမောင်ကျော် (၇၈ နှစ်) နဲ့ အဘွား ဒေါ်သန္တာခိုင် (၇၃ နှစ်) တို့လက်ထဲမှာ ကြီးပြင်းခဲ့သည်။ ကျေးရွာတွင် ဆွေးမျိုးရင်းချာအဖြစ် အဒေါ်နှစ်ဦးရှိသည်။ ၉ တန်းပညာထိကို ကျီးရာပြင်ကျေးရွာတွင် သင်ယူခဲ့သည်။ ရွာမှ အဆက်အသွယ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။

ဂူတလုံးကျကျေးရွာမှာ အိမ်ခြေ ၆၀ ၀န်ကျင်းလောက်သာရှိပြီး အများစုမှာ ဆင်းရဲကြသည်။ တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

ပုံပါအိမ်မှာ သူမနေထိုင်ခဲ့သည့် ကျေးရွာက နေအိမ်ပုံဖြစ်သည်။ ပုံပါ အဘိုးအဘွားမှာ သူမ၏ အဘိုးအဘွားများဖြစ်ကြသည်။

ဝေဟင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013