DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် တိုက်ပေါ်မှ ခုန်ချသတ်သေသွားသည့် မဇင်မာဦးအား သင်္ဂြိုဟ်မည်
DVB
·
June 15, 2017
စင်ကာပူတွင် တိုက်ပေါ်မှ ခုန်ချသတ်သေသွားသည့် မဇင်မာဦးအား သင်္ဂြိုဟ်မည်
Donate to DVB

စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ရင်း ၁၉ ထပ်တိုက်ပေါ်ကနေ ခုန်ချ အဆုံးစီရင်သွားခဲ့တဲ့ မဇင်မာဦးရဲ့ ရုပ်လောင်းကို သင်္ဂြိုဟ်ဖို့ မိသားစုဝင်တွေဖြစ်တဲ့ ဖခင်နဲ့ ဦးလေးတို့ စင်ကာပူနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။

ဇွန် ၁၂ ရက်နေ့က ကွန်ဒိုအဆောက်အဦ ၁၉ ထပ်ကနေ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ မဇင်မာဦးဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာမှာ နေထိုင်တာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက သူ့မိခင်မှာ သေဆုံးသွားခဲ့ပြီး ဖခင်ကတော့ ကျောက်တော်မြို့နယ်ဘက်မှာ နောက်အိမ်ထောင်ပြုသွားခဲ့တာကြောင့် ငယ်စဉ်ကတည်းက အဖိုး ဦးမောင်ကျော်၊  အဖွား ဒေါ်သန္တာခိုင်တို့ လက်ထဲမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

ကျီးရာပြင်ကျေးရွာမှာ ၉ တန်းအထိ ပညာသင်ယူခဲ့ပြီးနောက် ရွာကအဆက်အသွယ်နဲ့ စင်ကာပူနိုင်ငံကို လွန်ခဲ့တဲ့ ၁ နှစ်လောက်က သွားရောက်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူကနေ ရွာက အဖိုးအဖွားကို အဆက်အသွယ် တခါပဲရဖူးတယ်လို့ လက်ရှိအဖိုး အဖွားတွေနဲ့ သွားရောက်တွေ့ဆုံတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

“ကောင်မလေးက လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က အိမ်နားမှာရှိတဲ့ လူပွဲစားရှိတယ်။  အဲဒီကနေ အေးဂျင့်တခုနဲ့ ဆက်စပ်ပြီးတော့ သူ့ကို ရန်ကုန် ခေါ်သွားတယ်။ ရန်ကုန်ကနေတဆင့် အကြွေးစနစ်နဲ့ စင်ကာပူကိုပို့လိုက်တယ်။ စင်ကာပူပို့ပြီးနောက် တကြိမ်မှ ပိုက်ဆံရောက်တာမရှိဘူး။ ဖုန်းအဆက်သွယ်က တနှစ်လုံးမှ တခါပဲ ရှိခဲ့တယ်တဲ့။ သူ့မှာ အမေမရှိတော့ဘူး။ အဖေက နောက်အိမ်ထောင်နဲ့၊ သူ့မှာ အသက် ၈၅ နှစ်အဖိုးနဲ့ အသက် ၇၅ နှစ်အဖွားနဲ့နေတာ။ သူ့အဖိုး အဖွားတွေက အိပ်ယာထဲမှာ တုံးလုံးပဲ၊ တော်တော်လေးကို စိတ်ထိခိုက်သွားတဲ့ သဘောရှိတယ်။ ဒီဘက်မှာ သူ့အမျိုးတွေဆိုရင် ကျနော် ဘေးနားမှာကို ငိုနေကြတယ်ဗျာ။”

လတ်တလော ဖခင်ဖြစ်သူနဲ့ သူ့ဦးလေး ၂ ဦးတို့ စင်ကာပူသွားရောက်ဖို့ ရန်ကုန်မှာ ပတ်စ်ပို့တွေ လုပ်ဆောင်နေပြီး သူတို့ရောက်ရင်တော့ ကျန်ရှိနေတဲ့ မဇင်မာဦးရဲ့ ရုပ်အလောင်းကို စင်ကာပူမှာပဲ သင်္ဂြိုဟ်မယ်လို့  ဦးလေးဖြစ်သူ ဦးသာထွန်းအောင်က  ပြောပါတယ်။

“ပတ်စ်ပို့က မနက်ဖြန်မနက်လောက်မှ ရမယ်ထင်ပါတယ်။ ပတ်စ်ပို့ရရင်တော့ စင်ကာပူကိုသွားပါမယ်။ သင်္ဂြိုဟ်ဖို့အစီအစဉ်က ကျနော်တို့ရောက်မှပဲ အတည်ပြုနိုင်မယ်ခင်ဗျာ။ စင်ကာပူမှာလည်း စင်ကာပူရောက် လူငယ်အဖွဲ့အစည်းတွေကလည်း ကျနော်တို့ကို စောင့်နေပါတယ်။”

သေဆုံးသူ မဇင်မာဦးရဲ့ ဒိုင်ယာရီထဲမှာ အဖိုးအဖွားကို ပြန်လည်ပြုစုစောင့်ရှောက်နိုင်တဲ့ မြေးလိမ္မာလေး ဖြစ်ပါရစေလို့ ဆုတောင်းရေးသားခဲ့ပါတယ်။

ဒါကြောင့် ကျန်ရစ်တဲ့ အဖိုးအဖွားတွေကို ကူညီပေးဖို့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက အလှူငွေတွေ ကောက်ခံနေပါတယ်။

အလှူငွေ ကောက်ခံသူတွေထဲက တဦးဖြစ်တဲ့  ကိုငြိမ်းချမ်းဆွေက မဇင်မာဦးရဲ့ ဆန္ဒအရ ဒီလို အလှူငွေကောက်ခံပြီး အဖိုးအဖွားတွေကို ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဦးတည်ချက်ကတော့ ကျန်ခဲ့တဲ့ အဖိုးအဖွားက ဒီကောင်မလေးကို မှီခိုနေရတယ်လို့ သိရတယ်လေ။ ပြီးတော့လည်း ဆင်းရဲတယ်ပေါ့ဗျာ။ အဲတော့ ကျနော်တို့က ဒီဘက်က တတ်နိုင်သလောက် အလှူငွေ ကောက်ခံပြီးတော့ အဲဒီဖိုးအဖွားကို ပေးဖို့မှန်းထားပါတယ်။”

လက်ရှိအချိန်ထိ စင်ကာပူဘက်က အလှူငွေ စင်ကာပူဒေါ်လာ ၆ ထောင်လောက် ရရှိထားပြီဖြစ်သလို မြန်မာနိုင်ငံတွင်းက စေတနာရှင်တွေလည်း လှူဒါန်းတာတွေ ရှိနေပါတယ်။

မဇင်မာဦး မသေဆုံးမီ သူချစ်ခင်ရတဲ့ အင်ဒိုနီးရှား သူငယ်ချင်းထံ ရင်ဖွင့်ပြောထားတဲ့ စကားအရ သူ့ကို မနက်စာကို ၉ နာရီကနေ ၁၁ နာရီခွဲအကြား၊ နေ့လယ်စာကို ၂ နာရီကနေ ၅ နာရီကြား ကျွေးကြောင်း၊ စားလို့အနည်းငယ်သာ ကောင်းကြောင်းနဲ့ ပေါင်မုန့် ၂ ချပ်နဲ့ သောက်ရေသာ ပေးကြောင်း ရင်ဖွင့်ထားပါတယ်။

ဒါ့အပြင် တခါတလေမှာ နေ့လယ်စာ မစားရဘဲ ညနေစာကို ည ၉ နာရီခွဲကနေ ၁၁ နာရီခွဲကြားမှသာ ကျွေးတာကြောင့် ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ သူ့ကို ကူညီဖို့ တောင်းဆိုထားပါတယ်။

စင်ကာပူမှာ ပြီးခဲ့တဲ့နှစ်ကစပြီး အိမ်အကူအလုပ်သမားတွေ မိမိကိုယ်ကို အဆုံးစီရင်မှုတွေ များလာပြီး ၂၀၁၇ ခုနှစ်အတွင်း အလားတူ အမှု ၃ ခု ဖြစ်ပွားခဲ့တယ်လို့ စင်ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ HOME အဖွဲ့က မကေတီအေးမာမာက ဒီဗွီဘီကို ပြောပါတယ်။

“အရင်တုန်းက ဒီလိုမများဘူး။ အခုနောက်ပိုင်း ပိုများလာတယ်။ သူက အသက်ကန့်သတ်ချက်က ၂၃ နှစ်ဆိုတာရှိတယ်။ ဒါပေမယ့် သူတို့က အသက်တွေကို လိမ်ထွက်လာတယ်။ အဲဒါ အစိုးရဘက်ကလည်း သက်ဆိုင်တာပေါ့နော်။ အသက် လိမ်ပေးလိုက်တာ ပါတာပေါ့လေ။ အဲတော့ အသက်တွေက မပြည့်ဘူး၊ ငယ်တဲ့အတွက် စိတ်ဖိစီးမှုဒဏ်၊ အလုပ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ဘူး။ အဓိက စိတ်ဖိစီးမှုဒဏ်ကိုပေါ့နော်။ မခံနိုင်တော့ ဒီလိုခုန်ချတာများလာတယ်။ ရှင်းရှင်းပြောရရင် ပြီးခဲ့တဲ့ နှစ်ကစပြီး များလာတာရှိတယ်။ ဒီနှစ်ထဲမှာကို ဒီလိုဖြစ်တာက ၃ ခုလောက်ရှိပြီပေါ့။ ဒါပေမယ့် ဒီအမှုက သေသွားတာပေါ့။ ကျန်တဲ့လူတွေက မသေဘူး။ ခြေထောက်ထိတယ်။ ဒဏ်ရာရတယ်။”

စင်ကာပူဥပဒေမှာ အလုပ်သမားတွေကို အစားအစာလုံလောက်စွာ ပေးရမယ်လို့ ဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လတ်တလောအထိ စင်ကာပူအိမ်ရှင်ကို အမှုဖွင့် တရားစွဲတာတွေ မလုပ်ဆောင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဇူလိုင် ၂၆ ရက်ကလည်း အိမ်ရှင်သားအမိ နှိပ်စက်ညှဉ်းပန်းလို့ ချင်းတိုင်းရင်းသူ ဒေါ်ပြောင်ငိုက်ဒွန့် သေဆုံးခဲ့ရပြီး သူ့ရုပ်အအလောင်းကို မြန်မာနိုင်ငံသယ်လာပြီး သူ့ဇာတိမြေ တီးတိန်မြို့နယ် ဒိမ်ပီး ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013