
ရန်ကုန်ဆေးရုံကြီးမှာ တည်ဆောက်နေတဲ့ ကင်ဆာလူနာကုသဖို့ ၅ ထပ်ဆောင်ဟာ အခုနှစ် နိုဝင်ဘာလမှာ စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဓာတ်ရောင်ခြည်ကို အသုံးပြုပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကင်ဆာရောဂါကို ကုသပေးနေတာ ဖြစ်ပါတယ်။
ရန်ကုန်ဆေးရုံကြီးဟာ ကုတင် ၂၀၀၀ ဆန့်ဖြစ်ပြီး နေ့စဉ် ဆေးရုံတက်ကုသသူပေါင်း ၂၃၀၀ ခန့်အထိ ရှိနေပါတယ်။ ဆေးရုံကြီးကို အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ကင်ဆာရောဂါကြောင့် လာရောက်ပြသသူပေါင်း ၂၆၀၀ ကျော်ရှိပါတယ်။
ရန်ကုန်ဆေးရုံကြီးကို ကင်ဆာရောဂါကြောင့် လာရောက်ကုသတဲ့ လူနာအရေအတွက်ဟာ ၂၀၁၅ ခုနှစ်က ၉၂၀၀ ကျော်ရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာ ၈၉၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ တနှစ်ထက်တနှစ် ကင်ဆာရောဂါဖြစ်ပွားမှုဟာ မြင့်တက်လာနေတာပါ။
အသင့်လုပ်ထားတဲ့ အစားအစာတွေ၊ ကွမ်းယာ၊ ဆေးလိပ်၊ အရက်သောက်သုံးတာနဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ အစားအစာတွေ စားသုံးတာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားလာတာလို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာမှာ လူပေါင်း ၁ ဒသမ ၃၈ သန်းခန့် ကင်ဆာရောဂါဖြစ်ပွားခဲ့ပြီး လူဦးရေ ၅ သိန်းကျော်ဟာ ကင်ဆာရောဂါကြောင့် သေဆုံးနေတယ်လို့ သိရပါတယ်။











