လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက မြန်မာသမိုင်းအဖွဲ့က ရေးသားပြုစုပြီးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဝေဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကို အစိုးရက ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ဦးစီးကျင်းပတဲ့ မြန်မာသမိုင်းအဖွဲ့ လပတ်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။
၁၉၇၇ ခုနှစ်မှာ စတင်ရေးသားပြီး ၁၉၈၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့မေယ့် မထုတ်ဖြစ်ခဲ့ဘဲ လာမယ့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မတိုင်မီ ထုတ်ဝေမယ်လို့ သိရပါတယ်။
သမိုင်းသုတေသနနဲ့ အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က “ဒီစာမူက ပြုစုပြီးတာ နှစ် ၄၀ ကျော်ဆိုပေမယ့် ကျနော်တို့ လက်ထဲကို ရောက်လာတာ တလလောက်ပဲ ရှိပါသေးတယ်။ ဘာကြောင့် မထုတ်ဝေဖြစ်ခဲ့လည်း ဆိုတာကတော့ မသိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် တဆက်တစပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ်လာရေးအတွက်လည်း ဝန်ကြီးသူရဦးအောင်ကိုက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က “ မြန်မာ့သမိုင်းရဲ့ တချို့အကြောင်းအရာတွေမှာ ကွက်လပ်လေးတွေ ကျန်ခဲ့တာ ရှိတယ်။ ဥပမာ ဖဆပလခေတ် ဆိုရင် ရေးစရာတွေကျန်ခဲ့တယ်။ ဒါတွေကို လွတ်လပ်စွာ ရေးသားခွင့်ပေးမယ်။ ရေးသားမှုအပေါ်မှာလည်း တာဝန်ခံပါမယ်” လို့ ပြောပါတယ်။
မြန်မာ့သမိုင်းမှန် ပေါ်ပေါက်ရေးနဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုက “သမိုင်းရေးတဲ့ အခါ ခေတ်ပြိုင် သမိုင်းအထောက်အထားတွေကို ရှာဖို့၊ ညှိနှိုင်းဖို့အရေးကြီးတယ်။ မဟုတ်ရင် Bias (ဘက်လိုက်မှု) ပါလာမယ်။ ခေတ် အချိန်အလိုက် မြန်မာအပေါ်ကို တခြားနိုင်ငံတွေက ပညာရှင်တွေရဲ့ သဘောထားတွေ၊ သူတို့ မှတ်သားထားတဲ့ သမိုင်းတွေနဲ့လည်း ညှိနှိုင်းဖို့ လိုပါတယ်။ ပြီးတော့ သမိုင်းရေးသူဟာ နှလုံးသားကိုဖယ်ပြီး ဦးနှောက်နဲ့ပဲ ရေးဖို့ အရေးကြီးပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တဆက်တစပ်တည်းသော မြန်မာသမိုင်းကြောင်းကို ဖော်ထုတ် ရေးသားဖို့အတွက် ကြုံတွေ့ခဲ့ရသူတွေကို လိုက်လံမေးမြန်းတဲ့ Oral History လုပ်ငန်းနဲ့ ကွင်းဆင်း သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။











