DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်တောမီးကြောင့်  ထိုင်းနိုင်ငံ၏ မီးခိုးမြူပြဿနာ ပိုဆိုးလာ
DVB
·
March 25, 2026
Photo : Myanmar Fire Services Department
Photo : Myanmar Fire Services Department
Donate to DVB

မြန်မာနိုင်ငံ နယ်စပ်ဘက်က တောမီးလောင်ကျွမ်းနေတဲ့ နေရာတွေက ထိုင်းနိုင်ငံရဲ့ မီးခိုးမြူထူထပ်မှု အခြေအနေကို ပိုမိုဆိုးရွားလာစေဖို့ ခြိမ်းခြောက်နေတာကြောင့် ထိုင်းနိုင်ငံက တောမီးတွေကို အပြင်းအထန် တိုက်ဖျက်နေရတဲ့အကြောင်း ထိုင်းသတင်းတွေမှာ မတ် ၂၄ ရက်က ဖော်ပြပါတယ်။

မတ် ၂၃ ရက်က ရရှိထားတဲ့ ဂြိုဟ်တုအချက်အလက်တွေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်ကျွမ်းနေတဲ့ နေရာပေါင်း ၁,၄၈၈ ခုရှိနေပြီး အဲဒီထဲက အများစုဟာ တောတောင်ထူထပ်တဲ့ ဒေသတွေမှာ စုပြုံနေတာကြောင့် ထိုင်းနိုင်ငံရဲ့ တောမီးနဲ့ မြူခိုးငွေ့အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (GISTDA) အချက်အလက်တွေအရ မီးလောင်ကျွမ်းနေတဲ့နေရာ ၈၀ ရာခိုင်နှုန်းကျော်ဟာ သစ်တောဇုန်တွေထဲ တည်ရှိနေကြောင်း ပြောထားပြီး ဒါက ဂေဟစနစ်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ လေထုအတွင်း PM2.5 ညစ်ညမ်းမှု ပိုမိုဆိုးရွားလာမှုကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းတွေ့ရှိရတဲ့ မီးလောင်ကျွမ်းရာနေရာ ၁,၄၈၈ ခုထဲက ၆၁၄ ခုဟာ ဘေးမဲ့သစ်တောတွေမှာ ဖြစ်ပွားနေပြီး ဒါက မြေအမျိုးအစားအားလုံးထဲ အများဆုံးဖြစ်ကာ ဒုတိယအများဆုံးအဖြစ် အမျိုးသားကြိုးဝိုင်းသစ်တောတွေမှာ ၅၈၃ ခု တွေ့ရှိရတယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းခွင် ဧရိယာတွေထဲ မီးလောင်ကျွမ်းမှုကတော့ ၁၀၅ ခုထိ ရှိခဲ့ပြီး လူနေထူထပ်တဲ့ ရပ်ကွက်တွေနဲ့ တခြားနေရာတွေမှာ ၉၀ ခု ရှိခဲ့တာပါ။

စိုက်ပျိုးရေးမြေယာပြုပြင်ပြောင်းလဲရေး ဧရိယာတွေမှာတော့ မီးလောင်ကျွမ်းမှု ၈၇ ခုနဲ့ လမ်းဘေးဝဲယာဒေသတွေမှာ ၉ ခု ရှိခဲ့ကြောင်းလည်း သိရပါတယ်။

သစ်တောထူထပ်တဲ့ နေရာတွေမှာ မီးလောင်ကျွမ်းမှုတွေ စုပြုံနေတာက သဘာဝပတ်ဝန်းကျင်နဲ့ လေထုအရည်အသွေးကို တိုက်ရိုက်ထိခိုက်စေတဲ့အတွက် လက်ရှိ ထိုင်းနိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ မြူခိုးငွေ့ပြဿနာရဲ့ အဓိကအကြောင်းရင်းမှာ တောမီးတွေကြောင့်ဆိုတာ အဆိုပါ အချက်အလက်တွေက ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်နီးချင်း မြန်မာနဲ့ လာအိုနိုင်ငံတွေက လတ်တလော ဒေသတွင်း အဓိက စိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် ဆက်လက်ရှိနေတယ်လို့ သတင်းမှာ ဖော်ပြသလို နယ်စပ်ဖြတ်ကျော် မြူခိုးငွေ့တွေ ထိုင်းနိုင်ငံအတွင်း လွင့်စင်လာမယ့် အန္တရာယ်မြင့်တက်နေကြောင်းလည်း GISTDA က ပြောပါတယ်။

မြန်မာနိုင်ငံဟာ မီးလောင်ကျွမ်းရာနေရာ ၆,၅၈၁ ခုနဲ့ အဆိုးရွားဆုံး ဖြစ်နေပြီး လာအိုနိုင်ငံက ၁,၈၅၀ ခုနဲ့ ဒုတိယ၊ ထိုင်းနိုင်ငံက ၁,၄၈၈ ခုနဲ့ တတိယ၊ ကမ္ဘောဒီးယားက ၆၂၇ ခု၊ ဗီယက်နမ်က ၃၆၁ ခုနဲ့ မလေးရှားက ၁၆၅ ခု အသီးသီး ရှိနေတာပါ။

မတ် ၂၄ ရက် မနက်ပိုင်းက မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းမြောက်ပိုင်းခရိုင် မယ်ဟောင်ဆောင် ဒေသတဝိုက် မီးလောင်ကျွမ်းရာနေရာ ၉၆ ခု တွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်တွေဟာ ပိုမိုပြင်းထန်လာတဲ့ တောမီးလှိုင်းတွေကို အပြင်းအထန် တိုက်ဖျက်နေရသလို အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုဒဏ်ကိုလည်း ပိုင်ခရိုင် အပါအဝင် နေရာအတော်များများမှာ ဆက်လက်ခံစားနေရတယ်လို့ Khaosod  သတင်းမှာ ဖော်ပြပါတယ်။

ခရိုင် တောမီးနဲ့ မြူခိုးငွေ့ ကာကွယ်ရေးစင်တာရဲ့ အဆိုအရ ဂြိုဟ်တုစနစ်ကနေ မနက် ၂ နာရီ ၁၃ မိနစ်မှာ အဆိုပါ မီးလောင်ကျွမ်းရာနေရာတွေကို မှတ်တမ်းတင်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုတွေက မြို့နယ်အတော်များများကို ပျံ့နှံ့ခဲ့ပြီး လတ်တလော ပိုင်မြို့နယ်ရဲ့ လေထုအရည်အသွေးမှာ ဘေးကင်းလုံခြုံတဲ့ အဆင့်ထက် ကျော်လွန်နေဆဲဖြစ်ပြီး လေထုအတွင်း PM2.5 ပါဝင်မှု ၁ ကုဗမီတာကို  ၅၁ ဒသမ ၂ မိုက် ခရိုဂရမ်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းမီးသတ်အဖွဲ့တွေဟာ တောမီးလောင်ကျွမ်းမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ နားရက်မရှိ လုပ်ဆောင်နေကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မတ် ၂၃ ရက် ညပိုင်းကလည်း အာဏာပိုင်တွေဟာ မဲ့စရင်းမြို့နယ်၊ ဒွိုင်းခမ်းဒေသ အဝေးပြေးလမ်းမကြီး ၁၀၈ ဘေး လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်ကားတွေနဲ့ အင်အားတွေကို စေလွှတ်ခဲ့ရပြီး မီးတောက်တွေက မီးသတ်ပိုက် မမီနိုင်တဲ့ သစ်တောနယ်မြေတွေအတွင်း ပျံ့နှံ့သွားခဲ့တာကြောင့် မီးသတ်အဖွဲ့ဝင်တွေဟာ တောင်ကြောတလျှောက် မီးကို ထိန်းချုပ်နိုင်ဖို့ ခြေလျင်သွားရောက် ငြှိမ်းသတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းပြည်သူတွေအနေဖြင့် မြူခိုးငွေ့ဒဏ်ကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ဖို့နဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့အတွက် မီးလောင်ကျွမ်းရာ နေရာ အခြေအနေတွေ၊ တောမီးအန္တရာယ် ခန့်မှန်းချက်တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ကြဖို့ GISTDA က တိုက်တွန်းထားပါတယ်။

Source:  The Nation/ Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013