DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ ညဈေးတန်းပြောင်းရွှေ့ရန် ဆိုင်ခန်းနေရာ မဲနှိုက်ရွေးချယ်
DVB
·
June 14, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဗိုလ်ချုပ်လမ်းပေါ်က ညဈေးတန်းကို ရုံးကြီးလမ်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်နိုင်ဖို့အတွက် နေရချထားပေးရန် ဈေးဆိုင်ရှင်တွေကို ကိုယ်တိုင် မဲနှိုက်စနစ်နဲ့ မြို့နယ်စည်ပင်ကော်မတီရုံးမှာ ဇွန်လ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ညဈေးတန်းမှာ ဈေးရောင်းချနေသူ ဈေးသည် ၁၀၀ ကျော်ရှိပြီး ၁၀ စုနှစ်တခုဝန်းကျင် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ လက်ရှိ ဗိုလ်ချုပ်လမ်းပေါ်ရှိ ညဈေးတန်းက လမ်းမကြီးဖြစ်တဲ့အတွက် ယာဉ်အသွားအလာ ကျပ်တည်းတာ၊ ပတ်ဝန်းကျင်နေအိမ်တွေက ညှော်နံ့နံလို့ တိုင်တန်းတာ၊ သန့်ရှင်းမှု အားနည်းတာတွေကြောင့် လူနေအိမ်နည်းပါးတဲ့ ရုံးကြီးလမ်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လက်ရှိရောင်းချနေတဲ့ ညဈေးတန်းက ဈေးဆိုင်တွေအားလုံး မဲကျရာနေရာအသီးသီးကို လာမယ့် ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ရမှာဖြစ်ပြီး ၂၂ ရက်နေ့မှာတော့ ညဈေးတန်းဖွင့်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခုလို ပြောင်းရွှေ့ရမှာနဲ့ပတ်သက်ပြီး ဈေးသည်အများစုကတော့ မူလနေရာမှာပဲ ရောင်းချချင်နေကြတာပါ။

“ပစ္စည်းသယ်ယူရတာ ပိုဝေးလာမယ်။ ရေမီးခက်ခဲလာမယ်။ နေရာသစ်ဖြစ်လို့ အစကနေ ပြန်စရမယ်။ ခုနေရာက ကိုယ့်ဖောက်သည်နဲ့ ကိုယ်ရပြီးသား။ မဖြစ်မနေ ပြောင်းရမှာ ဆိုတော့လည်း ဘာမှတော့ မတတ်နိုင်ဘူး။ အဆင်မပြေတာတွေ များတာပေါ့" လို့ ညဈေးတန်းမှာ ကြက်ကြော်ရောင်းချနေသူတဦးက ပြောပါတယ်။

ဒီညဈေးတန်းကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့က တိုင်းဒေသကြီးအစိုးရရဲ့ မုံရွာမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆွေးနွေးတဲ့ အချက် ၉ ချက်ထဲမှာ ၁ ချက် အပါအဝင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄၊ ၅ လလောက်ကလည်း မြို့နယ်စည်ပင်က လမ်းဘေးဈေးသည်တွေကို ဖယ်ရှားခိုင်းပြီး တက္ကသိုလ်အနောက်ဘက်ပတ်လမ်းကို ပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့ပေမယ့် ဈေးသည်တွေကတော့ အဆင်မပြေခဲ့ကြပါဘူး။

လမ်းဘေးဈေးသည်တွေ ပြောင်းရွှေ့တုန်းကလည်း ပြည်သူတွေကြားမှာ ဝေဖန်တာတွေ ရှိခဲ့သလို ညဈေးတန်းနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်တာ၊ ထောက်ခံတာတွေလည်း ရှိနေပါတယ်။

ဒီနေ့ မြို့နယ်စည်ပင်မှာ ကျင်းပတဲ့ ညဈေးတန်းနေရာ မဲနှိုက်တာကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဈေးသည်များ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013