မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအတွင်း Long Life ကုမ္ပဏီ လုပ်ကိုင်နေတဲ့ ကျောက်မိုင်းလုပ်ငန်းအား ပိတ်သိမ်းပေးဖို့ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းက ဥတ္တံတားကျေးရွာနေ ဒေသခံ ၄၀၀ ခန့်မှ တတိယအကြိမ် စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ ကိုတင်ထွန်းနိုင်က “သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး ရေအရင်းအမြစ် ပျောက်ဆုံးကာ ဥယျာဉ် ခြံမြေ လယ်ယာ ချောင်း မြောင်းများအား ပျက်စီးစေတဲ့ ကျောက်မိုင်းလုပ်ငန်းတွေကို ပိတ်သိမ်းဖို့အတွက် တတိယအကြိမ် ထပ်မံ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်”လို့ ပြောပါတယ်။
ကျောက်မိုင်းလုပ်ငန်း ပိတ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ရာမှာ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ အတွင်းရွာလမ်းဝမှ မော်လမြိုင်-ရန်ကုန် ကားလမ်းအတိုင်း လမ်းလျှောက်ကာ Long Life ကုမ္ပဏီ ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်ရာ နေရာရှေ့အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်သက်ဌေးက “ကုမ္ပဏီဘက်က ဒီနှစ်မှာ ကျောက်မိုင်းက ထွက်တဲ့ သဲနုန်းတွေ ချောင်း မြောင်း လယ်တွေထဲ မကျအောင် တော်တော်လေးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ထားပါတယ်။ ဆန္ဒပြတဲ့အဖွဲ့က ဒါကို သဘောမပေါက်လို့ လုပ်ကြတာပါ။ ဒီနှစ်အတွက် လုပ်ကိုင်ခွင့်၊ မိုင်းခွဲဖို့အတွက် ယမ်း အသုံးပြုခွင့်တွေ ရထားပြီးလို့ ဆက်လက်လုပ်ကိုင်သွားမှာပါ''လို့ ပြောပါတယ်။
စီတန်းလှည့်လည်ရာ လမ်းတလျှောက် ‘ကုလားမတောင်ကြီး ကာကွယ်ရေး၊ ရေအရင်းအမြစ် ပျောက်ဆုံးစေသော ကျောက်မိုင်းများ အလိုမရှိ၊ လယ်ယာ ချောင်း မြောင်းများ ပျက်စီးစေသော ကျောက်မိုင်းများ အလိုမရှိ၊ ဥယျာဉ်ခြံမြေ ပျက်စီးစေသော ကျောက်မိုင်းများ အလိုမရှိ၊ LongLife ကျောက်မိုင်းကုမ္ပဏီ အလိုမရှိ၊ ကျောက်မိုင်းခွဲခြင်းများ ချက်ချင်းရပ်၊ ဥပဒေချိုးဖောက်နေသော Long Life ကျောက်မိုင်းကုမ္ပဏီ ရပ်တန့်ရေး၊ ဒေသခံတို့၏အကျိုးစီးပွား ဖျက်ဆီးနေသော Long Life ကျောက်မိုင်းကုမ္ပဏီ ရပ်တန့်ရေး’ စတဲ့ ကြွေးကြော်သံတွေနဲ့ ကျောက်မိုင်းကုမ္ပဏီရှေ့ထိ လမ်းလျှောက်ကြွေးကြော်ခဲ့ကြခြင်း ဖြစ်ပါတယ်။
Long Life Aggregate Mining ကုမ္ပဏီက ဥတ္တံတားကျေးရွာမှာ ကျောက်မိုင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစတင်ပြီး လုပ်ငန်းဆောင်ရွက်ဖို့ မြေနေရာ ရှင်းလင်းတာတွေ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ ကျောက်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့်၊ ဓာတ်သတ္တုခွန် အမိန့်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး











