DVB Logo
Home
မြန်မာသတင်း
သီပေါမြို့နယ်တွင် ပျောက်ဆုံးနေသည့် မိန်းကလေးငယ် ၁ ဦးကို အလောင်းပြန်တွေ့  
DVB
·
June 13, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စိန်ကျော့ဒေသ ကုန်းညောင်ကျေးရွာမှာ  ၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ မိန်းကလေးတဦးကို တောထဲမှာ အလောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကုန်းညောင်ကျေးရွာက လုံးစိုင်းတွမ်ရဲ့ သမီး အသက် ၉ နှစ်ရွယ် နန်းဆု ခေါ် နန်းလား ဆိုတဲ့ မိန်းကလေးဟာ လွန်ခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က သူတို့ရွာက မင်္ဂလာဆောင်ပွဲတခုကို လူကြီးတွေနဲ့ အတူ လိုက်သွားပြီး၊  အဲဒီညက ဆွေမျိုးအိမ်မှာအိပ်ကာ မနက် ၃ နာရီမှာ အပေါ့အပါးသွားဖို့ ခြံထဲ ဆင်းသွားရာက ပျောက်ဆုံးသွားတာလို့ ကုန်းညောင်ရွာက လူငယ်ခေါင်းဆောင် စိုင်းဟန်ခေးက ဒီဗွီဘီကို ပြောပါတယ်။

“သူက အပေါ့သွားဖို့ ခြံထဲဆင်းသွားပြီး ပြန်အိပ်တယ်ပဲ ထင်နေတာ။ မိုးလင်းတော့ သူ့ကိုမတွေ့လို့ ခြံထဲအနှံ့ လိုက်ရှာတာလည်း မတွေ့ဘူး။ ရွာသားတွေက အဲဒီကနေ နေရာဖြန့်ပြီး တောထဲ လိုက်ရှာတယ်၊ နေ့တိုင်းပဲ။ ၁၁ ရက်နေ့မှာတော့ ကုန်းညောင်ရွာတောင်ဘက် မိုင်ဝက်လောက် ဝေးတဲ့ နေရာက တောအုပ်ထဲမှာ ချုံပုတ်တခုပေါ်မှာ သူ့အလောင်းကို တွေ့တယ်။ သူ့အင်္ကျီကို ချွတ်ပြီး အဲဒီအင်္ကျီစကို လိမ်ပြီးတော့ လည်ပင်းနဲ့ ချုံသစ်ကိုင်းကို တွဲချည်ထားတယ်။ ပြီးတော့ နွယ်ပင်နဲ့ သူ့ပေါင်ကြားကို ရစ်ထားတယ်။ ထမီကတော့ ဝတ်ထားရက်ပဲ။  သူ့ညာဘက်နားထင်မှာ ရိုက်ထားတဲ့ ဒဏ်ရာ၊ ကျောမှာလည်း အပေါက် တပေါက် အဲဒီမှာ လောက်ကောင်တွေ မြင်မကောင်းအောင်တက်နေပြီ။ အလောင်းက ပုပ်ပွနေတော့ အဲဒီနားမှာပဲ မီးသင်္ဂြိုဟ်လိုက်ရတယ်။”

သေဆုံးသူမိန်းကလေးမှာ သီပေါမြို့နယ် တိမွန်းကျောင်းတိုက် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ သင်တန်းကျောင်းက ကျောင်းသူတဦးဖြစ်ပါတယ်။

ဖခင်ဖြစ်သူမှာ လက်လုပ်လက်စား ဆင်းရဲသား တောင်သူသာဖြစ်တဲ့အတွက် အဖိုးတန်လက်ဝတ်လက်စား ဘာမှမရှိကြောင်း၊ သူ့ဖခင်မှာလည်း ရွာထဲ လူချစ်လူခင်များပြီး ဘယ်သူနဲ့မှ ရန်ငြိုးရန်စမရှိဖူးလို့သိရပါတယ်။

ဒါပေမယ့် အလောင်းမှာ ဆေးရုံသယ်လို့မရလောက်အောင် ပျက်စီးနေသလို အဲဒီဒေသဟာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် မိန်းကလေးသေဆုံးမှုအပေါ် ရဲစခန်းကို တိုင်ကြားထားတာမရှိပါဘူး။

မိန်းကလေး သေဆုံးရတာနဲ့ ပတ်သက်ပြီး တရားခံကို အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ရှမ်းပြည် တပ်မတော်တာဝန်ရှိသူတွေက လောလောဆယ် ရွာထဲက မသင်္ကာသူတွေကို ခေါ်ယူ စစ်ဆေးနေပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013