
ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 မှ ရုပ်လောင်းပေါင်း ၈၀ ကျော် ရှာဖွေတွေ့ရှိထားပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီမှာ မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ မြေပြင်တပ်တွေနဲ့ ဒေသခံတွေက အမျိုးသားရုပ်အလောင်း ၄ လောင်း၊ ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း၊ စုစုပေါင်းရုပ်အလောင်း ၅ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့လို့ အခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၁ လောင်းတွေ့ရှိပြီလို့ ဆိုပါတယ်။
အမျိုးအမည်ထပ်မံခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၆ လောင်းအား ထားဝယ်မြို့ရှိ တပ်မတော် ဆေးရုံမှ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ သံဝေဂလမ်းသင်္ချိုင်းမှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့ အညီ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။
ခုအချိန်ထိ တပ်မတော်သားအရာရှိ ရုပ်အလောင်း ၃ လောင်းနဲ့ စစ်သည်ရုပ်အလောင်း ၅ လောင်းအပါအ၀င် အမျိုးသားရုပ်အလောင်း ၉ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁၆ လောင်း၊ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်းရုပ်အလောင်း ၂၉ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတ၀ိုက်မှာ တပ်မတော်(ရေ)က စစ်ရေယာဉ်တွေ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဒေသခံငါးဖမ်းစက်လှေတွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် တိုးမြှင့်လုပ်ဆောင်နေပါတယ်။











