DVB Logo
Home
Lead Story
တပ်မတော်လေယာဉ် ဝိုင်-ရှစ်ရဲ့ အဖြစ်နဲ့အပျက် (ဆောင်းပါး)
DVB
·
June 12, 2017
တပ်မတော်လေယာဉ် ဝိုင်-ရှစ်ရဲ့ အဖြစ်နဲ့အပျက် (ဆောင်းပါး)
Donate to DVB

 

ဇွန်လ ၇ ရက်နေ့ ဒေသစံတော်ချိန် ၁၃ နာရီ ၆ မိနစ်မှာ တပ်မတော်လေက ရှန်ဇီဝိုင်- ၈ အက်ဖ်-၂၀၀ လေယာဉ်အမှတ် ၅၈၂၀ ဟာ မြိတ်မြို့လေဆိပ်ကနေ ရန်ကုန်ကို ပျံသန်းထွက်ခွာလာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ကလေး ၁၅ ယောက် အပါအဝင် လေယာဉ်အမှုထမ်း ၁၄ ယောက်နဲ့ ခရီးသည် တပ်မတော်မိသားစု ၁၀၈ ယောက် လိုက်ပါလာခဲ့ပါတယ်။

မြိတ်လေဆိပ်က ပျံတက်ခဲ့ပြီး ၁၃ နာရီ ၃၅ မိနစ်အရောက်မှာတော့ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ လေယာဉ်ဟာ ထားဝယ်မြို့ရဲ့ အနောက်ဘက် ၃၇ ကီလိုမီတာ အကွာမှာ ရောက်ရှိနေခဲ့ပြီး အမြင့်ပေ ၁၈၀၀၀ ကနေ ပျံသန်းနေခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဟာ ရုတ်တရက် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ပျောက်ဆုံးသွားချိန်မတိုင်ခင်မှာ အရေးပေါ် အကူအညီ တောင်းခံခေါ်ယူတာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လေယာဉ်ကို လေယာဉ်မှူး ဒုဗိုလ်မှူးကြီးငြိမ်းချမ်းနဲ့ တွဲဖက်လေဟာဉ်မှူး ဒုဗိုလ်မှူးကြီး စိုးသူဝင်းတို့ မောင်းနှင် ပျံသန်းခဲ့တာဖြစ်ပြီး ပျောက်ဆုံးသွားချိန်အထိ လေယာဉ်ရဲ့ ပျံသန်းချိန် စုစုပေါင်းဟာ ၈၀၉ နာရီပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ရှာဖွေဖို့ တပ်မတော်ရေက သင်္ဘော ၉ စီးနဲ့ တပ်မတော်လေက လေယာဉ် ၃ စီးနဲ့ ဟယ်လီကော့ပ်တာတွေ စေလွှတ်ရှာဖွေခဲ့ကြပါတယ်။ လေယာဉ်အပျက်အစီး အစအနတွေကို ထားဝယ်မြို့က ၂၁၈ ကီလိုမီတာမှာ ရေတပ်သင်္ဘောတစီးက တွေ့ရှိခဲ့ပြီး ဇွန်လ ၈ ရက်နေ့မှာတော့ အလောင်း ၂၉ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေယာဉ် အပျက်အစီးတွေဟာ ကျယ်ပြန့်တဲ့ နေရာတဝိုက်မှာ ပြန့်ကျဲနေတာကို တွေ့ရတဲ့အတွက် လေယာဉ်ဟာ ပျံသန်းနေတဲ့အချိန် လေထဲမှာပဲ အပိုင်းပိုင်း ဖြစ်သွား ခဲ့တာလို့ ယူဆရပါတယ်။ လေယာဉ်ပျက်ကျသွားတဲ့ နေရာမှာ လေထန်လှိုင်းကြီး နေခဲ့တဲ့ အတွက် ရှာဖွေတဲ့နေရာမှာ အဟန့်အတားဖြစ်ခဲ့ရပြီး ၉ ရက်နေ့မှာတော့ အသက်ရှင်ကျန်ရစ်သူ တွေ့နိုင်ဖို့ မျှော်လင့်ချက် နည်းပါးလာခဲ့ပြီး နောက်ပိုင်းမှာတော့ အသက်ရှင် ကျန်ရစ်သူ လုံးဝမရှိဘူးလို့ အတည်ပြုခဲ့ရပါတယ်။ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းအထိတော့ ၆၂ လောင်း ဆယ်ယူရရှိပြီဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ ဘာဖြစ်လို့ ခုလို ရုတ်တရက် ပျက်ကျသွားရတာပါလဲ။ လေယာဉ်က မနှစ်က မတ်လကမှ တရုတ်နိုင်ငံက ပေးပို့လိုက်တာဖြစ်ပြီး ပျံသန်းနာရီ ၈၀၉ နာရီပဲ ရှိပါသေးတယ်။ တခုခုတော့ မှားယွင်းသွားတယ် ဆိုတာကတော့ သေချာပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်(လေ) မှာ  Safety နဲ့ပတ်သက်လို့ စစ်ဆေးမှုအပိုင်းမှာ ၁၀၀ ရာခိုင်နှုန်း သတ်မှတ်လုပ်ဆောင်တဲ့အကြောင်း၊ ၁၀၀ ရာခိုင်နှုန်းသတ်မှတ်ပေမယ့် သဘောသဘာဝ အရ ရာနှုန်းပြည့်မရနိုင်တဲ့အကြောင်း၊ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတွေဟာ  ပျံသန်းမှုအတွေ့အကြုံများစွာရှိတဲ့အပြင် အင်ဂျင်နီယာ အရာရှိတဦးပါ လေယာဉ် ပါဝင်ထမ်းဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုအခြေအနေအရ ထိုအချိန်က ဖြစ်စဉ်နေရာတ၀ိုက်မှာ လွန်စွာကြီးမားတဲ့ တိမ်တိုက်ကြီးတခု ဖြစ်ပေါ်ခဲ့တာကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ တပ်မတော်အကြီးအကဲကပြောပါတယ်။

လေ့လာသူတချို့ကတော့ မြန်မာ့လေတပ်ဟာ လေယာဉ်ပျက်တဲ့ကိစ္စတွေကို ကြုံတွေ့ခဲ့ရတဲ့ သမိုင်းကြောင်း ရှိခဲ့တယ်လို့ ထောက်ပြကြပါတယ်။ မနှစ်က ဖေဖော်ဝါရီလမှာ နေပြည်တော်က ပျံတက်လိုက်တဲ့ လေယာဉ်တစီးဟာ တက်ပြီး မကြာခင်မှာပဲ ပေါက်ကွဲ မီးလောင်သွားခဲ့ပြီး လေယာဉ်အမှုထမ်း ၅ ယောက်စလုံး သေဆုံးသွားခဲ့ရပါတယ်။ ဇွန်လ ထဲမှာပဲ အမ်အိုင် ၂ ဟယ်လီကော့ပတာတစီး ပဲခူးမြို့အလယ်ပိုင်း တောင်အရပ်မှာ တောင်စောင်းနဲ့ ဝင်တိုက်ပြီး မီးလောင်ပေါက်ကွဲပြီး စစ်တပ်အရာရှိ ၃ ယောက် သေဆုံးသွားခဲ့ရပါတယ်။

ခုပျက်ကျ ပျောက်ဆုံးသွားခဲ့တဲ့ ဝိုင်-ရှစ် အက်ဖ်-၂၀၀ လေယာဉ်ဟာ အင်ဂျင် လေးလုံး ပန်ကာတပ် တာဗိုဂျက်လေယာဉ် အမျိုးအစားဖြစ်ပြီး မြန်မာစစ်တပ်က သယ်ယူပို့ဆောင်ရေး ကုန်တင်လေယာဉ်အဖြစ် အများအားဖြင့် သုံးနေတဲ့ လေယာဉ်ပါ။ အရင်စစ်အစိုးရတွေ လက်ထက်မှာ အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးခံခဲ့ရတဲ့ ကာလ အထီးတည်း အုပ်စိုးမှု နှစ် ၅၀ ကာလအတွင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံကြီးက လေယာဉ် အမြောက်အမြား ဝယ်ယူခဲ့ပါတယ်။

မြန်မာ့လေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ အကြီးအကဲဟောင်းတယောက်ကတော့ ဒီလေယာဉ်ဟာ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး စစ်ဘက်နဲ့ အရပ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်အမျိုးအစား ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို တံခါးဖွင့်လိုက်တဲ့အချိန်မှာ ဆင်းရဲမွဲကျန်နေတဲ့ နိုင်ငံရဲ့ လေကြောင်းခရီးစဉ်တွေအတွက် အထူးသဖြင့် အလှမ်းဝေးတဲ့ လေဆိပ်တွေအတွက် လေယာဉ်လိုအပ်မှု ဒလဟော မြင့်တက်ခဲ့ပြီး ဝယ်ယူခဲ့တဲ့ လေယာဉ်တွေအများစုဟာ တရုတ်နိုင်ငံကသာ ဖြစ်ပါတယ်။ ကုန်သွယ်စီးပွားသုံး လေယာဉ်တွေဟာ မကြာခဏ အပျက်အစီး ဖြစ်တတ်တာကို တွေ့ရပါတယ်။

ခု ပျက်ကျ ပျောက်ဆုံးခဲ့တဲ့ ရှန်ဇီ ဝိုင်-၈ အက်ဖ်-၂၀၀ လေယာဉ်ဟာ အလတ်စားနဲ့ တာလတ် သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဇီလေယာဉ် ကော်ပိုရေးရှင်းက ထုတ်လုပ်ခဲ့တဲ့လေယာဉ်ပါ။

ဒါပေမယ့် အဲဒီလေယာဉ်ဟာ ဆိုဗီယက် ရုရှားနိုင်ငံလုပ် အင်တိုနွိုင်း အင်-၁၂ လေယာဉ်ကို အခြေခံအဖြစ်ယူပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်ပြီးတဲ့ အချိန်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ အရပ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်အဖြစ် အသုံးများ လူသိများ ထင်ရှားလာခဲ့ပါတယ်။ သူ့ရဲ့ မျိုးကွဲလေယာဉ်တွေကိုလည်း အမြောက်အမြား ထုတ်လုပ်ခဲ့ပြီး နိုင်ငံခြားတိုင်းပြည်တွေကို တင်ပို့ရောင်းချခဲ့ပါတယ်။

အဲဒီ အင်-၁၂ လေယာဉ်ကို ယူကရိန်းမှာ ဆက်ပြီး မထုတ်လုပ်တော့ပေမယ့် တရုတ်နိုင်ငံကတော့ သူ့ရဲ့ ဝိုင်-ရှစ် လေယာဉ်တွေကို ဆက်ပြီး အဆင့်တိုးမြှင့် ထုတ်လုပ်နေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာ ဝိုင်-ရှစ် လေယာဉ်ခန့်မှန်းခြေ အစီးပေါင်း ၁၆၉ စီး ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တော့ တရုတ်နိုင်ငံက ၁၉၆၀ စုနှစ်တွေထဲမှာ အင်-၁၂ လေယာဉ် အတော်များများကို ဝယ်ယူခဲ့ပြီး သူ့နိုင်ငံအတွင်းမှာ တပ်ဆင်ထုတ်လုပ်ခွင့် လိုင်စင်ကိုပါ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ဆိုဗီယက် အကွဲအပြဲမှာ ဆိုဗီယက်ယူနီယံက သူ့ရဲ့ နည်းပညာအရ ကူညီပံ့ပိုးမှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဇီရန် လေယာဉ်ကုမ္ပဏီနဲ့ ဇီရန်းလေယာဉ်ဒီဇိုင်းအဖွဲ့တို့က စက်မှု အတတ်ပညာအရ အင်-၁၂ ကို ပြည်တွင်းထုတ်လုပ်မှုအတွက် ပြောင်းပြန်လှန်ပစ်လိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး တရုတ်နိုင်ငံနဲ့ တခြားဒေသတွင်း နိုင်ငံတချို့မှာ ဝိုင်-ရှစ် လေယာဉ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာ တွေ့ရပါတယ်။

ဝိုင်-ရှစ် လေယာဉ်ဟာ တပ်ဖွဲ့တွေ သယ်ယူပို့ဆောင်တာ၊ ထောက်ပံရေးပစ္စည်းတွေ ချပေးတာ၊ လေထီးစစ်သည်တွေကို ချပေးတာတွေကို ဆောင်ရွက်ပေးနိုင်သလို လေကြောင်း လူနာတင် လေယာဉ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ကုန်သွယ်စီးပွား အရတော့ ကုန်တင်လေယာဉ်အဖြစ် အသုံးပြုကြတာ များပါတယ်။ ဒီလေယာဉ်ဟာ ကုန်ချိန်တန် ၂၀ ကို သယ်ဆောင်နိုင်သလို ခန့်မှန်းခြေ စစ်သည် ၉၆ ယောက် ဒါမှမဟုတ် လေထီးစစ်သည် ၈၂ ယောက်ကို သူ့ရဲ့၁၃ ဒသမ ၅ မီတာ ရှည်လျားပြီး ၃ မီတာကျယ် အကျယ်၊ ၂ ဒသမ ၄ မီတာ မြင့်တဲ့ ကုန်တင်ခန်းမှာ သယ်ဆောင်သွားနိုင်ပါတယ်။

နောက်အစွမ်းတခုကတော့ အပြင်းအထန် ဒဏ်ရာရရှိထားတဲ့ ထမ်းစင်အပါ လူနာ ၆၀၊ သာမန်ဒဏ်ရာရစစ်သည် ၂၀ နဲ့ ဆေးတပ်သား ၃ ယောက်ကို တင်ဆောင်သယ်ပို့ပေး နိုင်ပါတယ်။ ဒီလေယာဉ်အမျိုးအစားကို ဇီရန်းလေယာဉ်စက်ရုံက ၁၉၇၂ ခုနှစ်မှာ စမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာတော့ တရုတ်နိုင်ငံမှာ ဆင်တဲ့ ပထမဆုံး ဝိုင်-ရှစ် လေယာဉ်ကို စတင်စမ်းသပ်ပျံသန်းခဲ့ပါတယ်။ အစမ်းထုတ်လုပ်မှုတွေ ပြီးတဲ့အခါမှာတော့ ဝိုင်-ရှစ် ထုတ်လုပ်မှု လုပ်ငန်းအားလုံးကို ရှန်ဇီ လေယာဉ်ထုတ်လုပ်ရေး စက်ရုံကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ ဝိုင်-ရှစ်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်တော် ရေတပ်တွေမှာ အခန်းကဏ္ဍ အမျိုးမျိုးအတွက် အသုံးပြုခဲ့ပါတယ်။ ပြည်ပပို့ကုန်အဖြစ်ကိုတော့ မြန်မာ့လေတပ်၊ ဆူဒန် လေဘတပ်နဲ့ သီရိလင်္ကာလေတပ်တွေအတွက် ထုတ်လုပ်ရောင်းချပေးခဲ့တာ တွေ့ရပါတယ်။ သီရိလင်္ကာ နိုင်ငံကတော့ သူ့ရဲ့ တမီကျားတပ်ဖွဲ့တွေကို နှိမ်နှင်းရေး စစ်ဆင်ရေးမှာ ယာယီ သုံးဗုံးကြဲလေယာဉ်တွေအဖြစ် အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၁ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ်က ဝိုင်-ရှစ် ၃၁၂၄၂ နဲ့ ၃၁၂၄၃ လေယာဉ် ၂ စီးဟာ ဇန်ဇူလေဆိပ်ကို ဆင်းသက်ရာမှာ ပျက်ကျပြီး လေယာဉ်အမှုထမ်း ၁၆ ယောက်စလုံး သေဆုံးသွားခဲ့ရပါတယ်။ တစီးက အိမ်တလုံးကို ဝင်တိုက်မိပြီး မြေပြင်ပေါ်က လူ ၈ ယောက် သေဆုံးခဲ့ရပါတယ်။

ဒီ ဝိုင်-ရှစ် တရုတ်လုပ်လေယာဉ်တွေကို ဝယ်ယူ အသုံးပြုနေတဲ့ နိုင်ငံတွေကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်၊ မြန်မာ့တပ်မတော်လတပ်၊ ပါကစ္စတန်လေတပ်၊ ဆူဒန်လေတပ်၊ တန်ဇားနီးယားလေတပ်နဲ့ ဗင်နီဇွဲလားလေတပ်တို့ ဖြစ်ကြပါတယ်။ စာရင်းအရ အတော်ကြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေရဲ့ လေတပ်တွေကပဲ သုံးစွဲနေတာ တွေ့ရပါတယ်။

အစောပိုင်းကတော့ သီရိလင်္ကာလေတပ်က အတော်လေး အသုံးပြုခဲ့ပေမယ့် သူတို့ရဲ့ ဝိုင်-ရှစ်လေယာဉ် ၂ စီးစလုံး ပျက်ကျဆုံးရှုံးသွားခဲ့ပြီး ဖြစ်ပါတယ်။

လေ့လာတွေ့ရှိထားတဲ့ အချက်တွေအရတော့ တရုတ်နိုင်ငံလုပ် ဝိုင်-ရှစ် လေယာဉ်ဟာ ဒီလောက်တော့ နာမည် မပျက်သေးတဲ့ လေယာဉ်အမျိုးအစား တခုလို့ ပြောရင် ရနိုင်ပါတယ်။ ဒီလိုဆိုရင် မြန်မာ့လေတပ်က ဒီတရုတ်လုပ် လေယာဉ် ၅၈၂၀ ကို အသုံးပြုခဲ့တာ တနှစ်ကျော်ကျော်ပဲ ရှိသေးပေမယ့် ဘာလို့ ခုလို ရုတ်တရက် ပျက်ကျသွားရတာပါလဲ။ လေယာဉ်ပျံသန်းချိန်အတွင်း လိုက်နာရမယ့် အချက်တွေကို မလိုက်နာခဲ့လို့ပဲလား။ မသိတာလား၊ ပေါ့လျော့တာလား။ လေယာဉ်ကပဲ ချို့ယွင်း အားနည်းချက်တွေ များနေလို့ပဲလား။ စဉ်းစားစရာ ရှိပါတယ်။

လေယာဉ်ပေါ်မှာပါတဲ့သူ အများစုကလည်း တပ်မတော်သားတွေရဲ့ အပြစ်မဲ့ မိသားစုဝင်တွေ၊ ကလေးတွေ ဖြစ်နေတဲ့အတွက် စိတ်မကောင်း ဝမ်းနည်းစရာ အဖြစ်အပျက်ပါပဲ။ အကြောင်းရင်းကို အသေအချာ ဆန်းစစ်ကြည့်စေချင်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013