DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူမည်
DVB
·
June 12, 2017
မွန်ပြည်နယ်တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူမည်
Donate to DVB

 

မွန်ပြည်နယ်တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းပေါင်း ၄၆၀၀ ကျော်ကို ဆောက်လုပ်သွားဖို့ စီမံကိန်းရေးဆွဲပြီးနောက် ကုမ္ပဏီတွေကို တင်ဒါခေါ်ယူသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာက ပြောပါတယ်။

အိမ်ရာစီမံကိန်း ရေးဆွဲပြီးနောက် ပြည်နယ်အစိုးရမှ အတည်ပြုထားပြီး ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း စီးပွားရေးရာ ကော်မတီမှ ခွင့်ပြုတာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ပြောပါတယ်။

မွန်ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသင်းဇော်မိုးက “မွန်ပြည်နယ်မှာ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်း ၄၆၀၀ ကျော်လုပ်ဆောက်လုပ်ဖို့ တင်ပြထားပါတယ်။ ကျိုက်မရောမြို့နယ်က မင်းရွာနဲ့ သံဖြူဇရပ်မြို့နယ် ဖောင်စိန်ကျေးရွာမှာ ဆောက်လုပ်သွားမှာပါ။ ဒီစီမံကိန်းအတွက် ဘတ်ဂျက်ငွေတွေကိုကျတော့ နည်း ၃ နည်းနဲ့ ဆောင်ရွက်ရမှာပေါ့။ ပထမတနည်းက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ဘတ်ဂျက်နဲ့ ဆောက်တာရှိမယ်။ ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီး လုပ်ဆောင်တာ။ ပြည်နယ် အစိုးရက တိုက်ခန်းဘယ်နှခန်းယူ၊ ကုမ္ပဏီက ဘယ်နှခန်းယူ စသဖြင့်ပေါ့။ နောက်ဆုံးတခုက လှည့်ပတ် ရန်ပုံငွေတွေကနေ သုံးသွားမလားပေါ့ ဒါတွေစဉ်းစားရမယ်” ပြောပါတယ်။

အခုလို ဆောက်လုပ်တဲ့အတွက် ပြည်သူများအလုပ်အကိုင်ပိုမိုရရှိကာ နေထိုင်ရေးအဆင်ပြေလာစေမှာဖြစ်ပြီး ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ယူဖို့ရှိတယ်လို့  ဦးသင်းဇော်မိုး က ပြောပါတယ်။

“ကုမ္ပဏီတွေ တင်ဒါခေါ်တာကျတော့ ပြည်နယ်အစိုးရက လုပ်ဆောင်မှာပါ။ အခုက ကျိုက်မရောက မင်းရွာမှာဆိုရင် တိုက်ခန်းပေါင်း ၂၄၃၂ ခန်းအတွက် မြေဧကပေါင်း ၄၄ လောက် အသုံးပြုသွားမယ်၊ တိုက်ခန်းကျဉ်းတာတွေလည်း ရှိမယ်၊ ကျယ်တာတွေလည်းရှိမယ်။ စတုရန်းပေ ၃၂၄ ကတမျိုး၊ စတုရန်းပေ ၄၀၀ ကတမျိုး၊ နောက် စတုရန်းပေ ၆၅၀ က တမျိုးပေါ့။”

ကျိုက်မရောမြို့နယ် မင်းရွာက တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းတွေမှာ လူဦးရေ ၁၀၀၀၀ လောက် နေထိုင်နိုင်ပြီး မီး၊ရေ စတဲ့ တခြားလိုအပ်ချက်တွေကို ဖယ်ရှားလိုက်ပါက တိုက်ခန်းဈေးနှုန်း သိန်း ၅၀ ၀န်းကျင်လောက်သာ ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တန်ဖိုးသင့် အိမ်ရာတိုက်ခန်းအများစုဟာ သီရိမင်္ဂလာအိမ်ရာကဲ့သို့ သိန်းရာချီပေး နေရတဲ့အတွက် အခြေခံလူတန်းစားအများအတွက် ခံစားခွင့်မရှိဘဲ မော်လမြိုင်ဒေသခံတွေက ဝေဖန်နေတဲ့အပေါ် ဦးသင်းဇော်မိုးက အခုလို ပြောပါတယ်။

“သံလွင်တံတားနားမှာ ကျနော်တို့ရဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုထားလိုက်ပါ။ တစ်သောင်းကစပြီးစုလို့ ရပါတယ်။ အဲ့လိုငွေစုထားမယ်ဆိုရင် ဘဏ်အတိုးတွေ ရမယ့်အပြင် တန်ဖိုးသင့် အိမ်ရာတိုက်ခန်းက သိန်း ၁၀၀ တန်တယ်ဆိုရင် အရင်ဆုံးသိန်း ၃၀ ပဲ ပေးသွင်း ရမှာပါ။ ကျန်တာကို ၈ နှစ် အရစ်ကျပေးလို့ ရပါတယ်။ ကျနော်တို့က အဲဒီဘဏ်မှာ ငွေစုထားတဲ့သူတွေကို ဦးစားပေးပါတယ်။”

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၀န်ကြီး ဒေါက်တာ ဦးမင်းကြည်ဝင်းက “အဲ့ဒီကိစ္စက လက်ရှိမှာတော့ စီမံကိန်းရေးဆွဲပြီး တင်ပြထားပါတယ်။ ကျနော်တို့က တင်ဒါစနစ်နဲ့ အတိအကျလုပ်ရမှာပေါ့၊ အကောင်အထည်ဖော်တဲ့ လုပ်ငန်းကတော့ မစရသေးပါဘူး။”

သံဖြူဇရပ်မြို့နယ်နဲ့ ကျိုက်မရောမြို့နယ်အပါအ၀င် မွန်ပြည်နယ်မှယ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းပေါင်း ၄၆၇၂ ခန်းကို ဆောက်လုပ်သွားမှာဖြစ်ပြီး အခြေခံလူတန်းစားများအနေနဲ့ အဆိုပါ တိုက်ခန်းများကို သိန်း ၃၀ ပေးချေပြီးပါက အရစ်ကျစနစ်နဲ့ ရယူနိုင်ပြီး အဆောက်အအုံမှာ ကားပါကင်တွေအပါအ၀င် မူလတန်းကျောင်းတွေပါ ဆောက်လုပ်သွားရန် တင်ပြထားကြောင်း သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013