DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် လေဆင်နှာမောင်းနှင့်အတူ အမျိုးသမီး ၂ ဦး လွင့်ပါ သေဆုံး
DVB
·
June 12, 2017
ပုဏ္ဏားကျွန်းတွင် လေဆင်နှာမောင်းနှင့်အတူ အမျိုးသမီး ၂ ဦး လွင့်ပါ သေဆုံး
1 / 10
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ အမျိုးသမီး ၂ ဦး သေဆုံးသွားပြီး လူ ၄ ဦး ပြင်းထန်ဒဏ်ရာရှိကာ နေအိမ် ၃၄ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။

ဇွန် ၁၂ ရက်နေ့ မနက် ၃ နာရီဝန်းကျင်က ယိုးတရုတ်ကျေးရွာ အရှေ့စုရပ်ကွက်မှာ လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် နေအိမ်တွေ ကျွတ်ထွက်ပြီး နေအိမ်မှာ အိပ်နေတဲ့ အမျိုးသမီး ၃ ဦး လေဆင်နှာမောင်းနဲ့ ပါသွားတာပါ။

ယိုးတရုတ်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က “ဒီကနေ့ မနက် ၃ နာရီအချိန်လောက် လေဆင်နှာမောင်းတိုက်တာ။ အိမ်တွေက ရွာရဲ့အပြင်ကို လွင့်ထွက်သွားတယ်။ အိမ်ကို လေဆင်နှာမောင်းက ဆွဲခေါ်သွားတာ အိမ်နဲ့ ကိုတ် ၂၀၀ လောက်အဝေးကို လွင့်ထွက်သွားတယ်။ အိမ်မှာ သားအမိ ၃ ယောက်အိပ်နေတာပါ။ ၃ ယောက်လုံး လွှင့်ထွက်သွားတယ်။ အဲ့ဒီမှာအိပ်နေတဲ့ အမျိုးသမီး ၂ ဦး လေဆင်နှာမောင်းနဲ့ ပါသွားတာ။ အမျိုးသမီး ၂ ဦးလုံး ဆုံးသွားပါတယ်။ ကလေးကတော့ အိမ်နဲ့ ဂိုက် ၂၀၀ လောက်အကွာမှာ လွင့်ထွက်သွားတယ်။ ကလေးကတော့ ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ စုစုပေါင်းနေအိမ်တွေကတော့ ၃၄ အိမ်ပျက်စီးသွားပါတယ်။ စုစုပေါင်းလူက ၄ ဦး ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။

လေဆင်နှာမောင်း တိုက်ပြီး သေဆုံးသွားသူ ၂ ဦးကတော့ ဒေါ်ရွှေမဖြူ အသက် ၈၂ နှစ်နဲ့ မခင်ချေအသက် ၂၉ နှစ် ယိးတရုတ်ကျေးရွာအရှေ့စုရပ်ကွက်ကဖြစ်ပြီး၊ မခင်ချေရဲ့ သမီးဖြစ်သူ ခိုင်ငြိမ်းဦး အသက် ၂ နှစ်ကတော့ ဦးခေါင်းအနည်းငယ်ဒဏ်ရာရှိသွားတယ်လို့ အုပ်ချုပ်မှူးက ဆိုပါတယ်။

ယိုးတရုတ်ကျေးရွာမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ ပြင်းထန်ဒဏ်ရာရှိတဲ့ ၄ ဦးလည်း ယိုးတရုတ်တိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ဆက်လက်ပြောပါတယ်။

“လေဆင်နှာမောင်းက အရမ်းပြင်းထန်တယ်။ အချိန်အနည်းငယ်သာ တိုက်ခတ်သွားတာ။ လေဆင်နှာမောင်းကြောင့် ပါသွားတဲ့ နေအိမ်တွေစာရင်းကို ပုဏ္ဏားကျွန်းအုပ်ချုပ်ရေးမှူးဆီ ပို့ထားပါတယ်။ သူကိုယ်တိုင်လည်း ရောက်ရှိလာပါတယ်။ ဒဏ်ရာရှိသွားတဲ့ လူတွေကို အတွင်းလူနာအဖြစ် ဆေးကုသထားပါတယ်။ သေဆုံးသွားတဲ့ လူ ၂ ဦးကို ကျနော်တို့ သင်္ဂြိုဟ်ဖို့ လုပ်နေပါတယ်။”

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ သန်းဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013