
နယ်စပ်ဖြတ်ကျော်ကားမောင်းပွဲမှ ထိုင်းကား ၂၂ စီးကို တနင်္သာရီတိုင်းဒေသကြီးအစိုးရက တားဖြစ်လိုက်တဲ့အတွက် တနင်္သာရီမြို့မှ လှည့်ပြန်သွားခဲ့ရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မောတောင်မှ နယ်စပ်ဖြတ်ကျော်ကားမောင်းပြီး ခရီးလှည့်လည်လာတဲ့ ထိုင်းနိုင်ငံမှ ကား ၂၂ စီးမှာ ဇွန်လ ၁၀ ရက်နေ့က တနင်္သာရီမြို့ကိုအရောက်မှာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တားမြစ်လိုက်သောကြောင့် ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားရတယ်လို့ သိရပါတယ်။
Khaing Lin Tun ခရီးသွားကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ကျော်ထွေးက “ကျနော်က နယ်စပ်ဖြတ်ကျော်ကားမောင်းပြီး ခရီးသွားဧည့်သည်တွေကို မြိတ်ကို လာပို့တာပါ။ နေပြည်တော်မှာ လွန်ခဲ့တဲ့ ၂၅ ရက်လောက်ကတည်းက ခွင့်ပြုချက်ယူရပါတယ်။ ပြည်ထောင်စုအဆင့်အထိ တင်ပြပြီးမှ ဆောင်ရွက်ရတာပါ။ ဇွန် ၉ ရက်နေ့က ရောက်လာတဲ့ ဆိုင်ကယ် ၂ စီး၊ ကား ၁၇ စီးကိုတော့ မြိတ်အထိလာဖို့ ခွင့်ပြုခဲ့တယ်၊ ခရီးသွားဧည့်သည်က ၄၆ ယောက်လိုက်ပါလာတယ်။ အခုမြိတ်မှာ လည်ပတ်နေကြပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ ၀င်လာတဲ့ ဒုတိယအသုတ်က ကား ၂၂ စီး နဲ့ ဧည့်သည် ၆၅ ဦးကို တနင်္သာရီမြို့နယ်အ၀င်က ရွှေနှင်းဆီစားသောက်ဆိုင်မှာ ခဏနားနေတုန်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းဇံဦးက တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်ကို ဖုန်းနဲ့ပြောပြီး ဆက်လက်ထွက်ခွာခွင့် မပေးတော့ပါဘူး။ ဘာကြောင့် ခွင့်မပြုတာလဲဆိုတာ မပြောပါဘူး။ ကားတွေကို မောင်းနှင်ခွင့်မပေးဘူး၊ တကယ်လို့လာချင်ရင် မြန်မာနိုင်ငံကကားတွေနဲ့ သွားရမယ်လို့ ပြောပါတယ်။ ဒါက Caravan Tour ပါ။ ဒီလိုလုပ်လို့မရပါဘူး၊ ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးထားတာကို ဘာကြောင့် တိုင်းဒေသကြီးအစိုးရက တားမြစ်လိုက်တယ်မသိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
အရင်က Caravan Tour တွေကို တခြားကုမ္ပဏီတွေက စီစဉ်ခဲ့ဖူးသလို မြိတ်မြို့ကိုလည်း အကြိမ်ကြိမ်လာရောက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
အခုလို တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တနင်္သာရီမြို့နယ်အုပ်ချပ်ရေးမှူး ဦးထွန်းမင်းနိုင်က “အဓိကအချက်ကတော့ ထိုင်းက ကားတွေကို ၀င်ခွင့်မပေးတာပါ။ မြိတ်မြို့ဘက်ကို ပေးမ၀င်တာပါ။ မြန်မာနိုင်ငံက ကားတွေနဲ့ချိန်း ပြီးပို့ပေးမယ်လို့ ပြောပေမယ့် ထိုင်းက ခရီးသွားဧည့်သည်တွေက လက်မခံပါဘူး။ ဒါကြောင့် သူတို့လှည့်ပြန်သွားတာပါ” လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါခရီးစဉ်ပျက်သွားတဲ့အတွက် တခြားကုမ္ပဏီတွေက အခုရက်ပိုင်းအတွင်း လာရောက်ဖို့ရှိတဲ့ ဆိုင်ကယ်နဲ့ကားတွေ ပါဝင်တဲ့ ခရီးစဉ်တွေလည်း ထိုင်းဘက်က ဖျက်သိမ်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကားတွေဟာ ဇွန် ၁၀ ရက်နေ့ ည ၆ နာရီမှာ မောတောင်နယ်စပ်မှတဆင့် ထိုင်းဘက် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
မြတ်ထွဋ် ( မြိတ် )











