DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်၏ ရန်ကုန် လှည်း​ကူး​ခရီး​စဉ် အဆင်မ​ပြေဖြစ်
DVB
·
February 14, 2012
ဒေါ်​အောင်ဆန်း​စုကြည်၏ ရန်ကုန် လှည်း​ကူး​ခရီး​စဉ် အဆင်မ​ပြေဖြစ်
Donate to DVB

လှည်း​ကူး​မြို့​ လူထုအား​ကစား​ကွင်း​မှာ မနက်ဖြန်ကျင်း​ပဖို့​ စီစဉ်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လူထု​ဟော​ပြောပွဲကို ခွင့်​မပြုတဲ့​အတွက် တခြား​နေရာ ​ပြောင်း​ရွှေ့​ဖို့​ ကြိုး​စား​နေတယ်လို့​ ပါတီက ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကို ပခုက္ကူ​ဒေသခံများ​ ကြိုဆို​နေကြစဉ် (ဓာတ်ပုံ - ရိုက်တာ)

ဟော​ပြောပွဲ ကျင်း​ပဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​နဲ့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ရဲ့​ ခွင့်​ပြုချက်ရပြီး​မှ၊​ ​ဟော​ပြောပွဲကျင်း​ပဖို့​ တရက်အလိုမှာ ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​က ပိတ်လိုက်တဲ့​အတွက် ​နေရာ​ပြောင်း​ရွှေ့​ဖို့​ စီစဉ်​နေတယ်လို့​ လှည်း​ကူး​မြို့​နယ်မှာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​နေရာလိုက်ရှာထား​တယ်။ မြို့​နဲ့​ကပ်လျက် လယ်ကွင်း​မှာ​ပေါ့​။ မြို့​နယ်အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေနဲ့​ သွား​ညှိနှိုင်း​တယ်။ ​ကော်မရှင်လူကြီး​တွေကို ​ခေါ်သွား​မယ်၊​ ပြပြီး​ အဲဒီ​နေရာကို သူတို့​ဆီကို စာတင်ပြဖို့​ ကျ​နော်တို့​ လုပ်တယ်။ ​နေ့​ချင်း​ပြီး​အောင် ​ဆောင်ရွက်ဖို့​ ကျ​နော်တို့​ ကြိုး​စား​နေတယ်။ ဒါက ကျ​နော်တို့​ကို ကပ်ပြီး​မှ​ပြောတာ၊​ ကျ​နော်တို့​က ဖိတ်ကြား​တဲ့​ကိစ္စလည်း​ လုပ်ထား​ပြီး​ပြီ။ ရွာ​ပေါင်း​ ၁၁၉ ရွာရှိတယ်၊​ အုပ်စုက ၅၇ အုပ်စုရှိတယ်၊​ မြို့​ပေါ်မှာ ရပ်ကွက် ၅ခု ရှိတယ်။ အဲဒီအတွက် လာမယ့်​ ပြည်သူလူထု​တွေက​တော့​ အများ​ကြီး​ပဲ။ ကျ​နော်တို့​ မြို့​မှာ​တော့​ ဆိုက်ကား​လေး​တွေကစပြီး​ ခွပ်​ဒေါင်း​အလံ​တွေ လွှင့်​ပြီး​တော့​ လုပ်​နေတာဆို​တော့​ ကျ​နော်က ဒီအ​ခြေအ​နေကို ဖြစ်​အောင် ကြိုး​စား​မယ်လို့​ ဆုံး​ဖြတ်ထား​တယ်။ ပြည်သူလူထုရဲ့​ ဆန္ဒကို ​ပေါ်လွင်​စေချင်တယ်။ ပြည်သူလူထု ဖြစ်​စေချင်တဲ့​ အ​ခြေအ​နေ​လေး​တွေကို လုပ်​ပေး​နိုင်ဖို့​ ကျ​နော်ကြိုး​စား​မယ်။”

လာမယ့်​ ဧပြီလ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ လှည်း​ကူး​မြို့​နယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​၊​ ကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်တဦး​၊​ မြန်မာ့​လူ့​ဘောင်သစ်ပါတီက ကိုယ်စား​လှယ် တဦး​တို့​ ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ ရှိ​နေတာပါ။

အာဏာပိုင်​တွေရဲ့​ ဒီလို လုပ်​ဆောင်ချက်​တွေ​ကြောင့်​ အထင်အမြင် လွဲတာ​တွေ ဖြစ်နိုင်တယ်လို့​ သူက ဆက်​ပြောပါတယ်။

“ကျ​နော်တို့​ တိုင်း​ပြည်မှာ ဒီမိုက​ရေစီစနစ်ကို သွား​မယ်ဆိုရင် မြို့​တိုင်း​မှာ ​ရွေး​ကောက်ပွဲ​တွေမှာ ဘယ်ပါတီ ဘယ်အဖွဲ့​အစည်း​တွေက​တော့​ ဘယ်​နေရာမှာ ပြည်သူလူထုနဲ့​ ​တွေ့​ဆုံနိုင်တယ်၊​ ပြည်သူလူထုကို ​ဟော​ပြောနိုင်တယ် ဆိုတဲ့​ ​နေရာမျိုး​တွေက​တော့​ ဒီ​ရွေး​ကောက်ပွဲကို ကျင်း​ပ​ပေး​တဲ့​ ပြည်​ထောင်စု ​ကော်မရှင်နဲ့​ မြို့​နယ်အသီး​သီး​အတွက် ညှိနှိုင်း​မှုမျိုး​တော့​ နဂိုကတည်း​က ရှိသင့်​တယ်။ အခု​ဆောင်ရွက်​နေတဲ့​ အ​ခြေအ​နေ​တွေက ပုံသဏ္ဌာန်​တွေ အမျိုး​မျိုး​ ဖြစ်​နေတယ်။ ဒါက​တော့​ အား​/ကာ ဝန်ကြီး​ဌာနအပိုင်တို့​၊​ ဒီဟာ​တော့​ ​ဘောလုံး​အဖွဲ့​ချုပ်ကို ငှား​ထား​တဲ့​ကွင်း​မို့​ သုံး​လို့​ရတယ်ဆိုတဲ့​ အ​ခြေအ​နေ​တွေက ထင်သလိုဖြစ်​နေတဲ့​ အ​နေအထား​မျိုး​တော့​ ကျ​နော်တို့​စိတ်ထဲမှာ မဖြစ်​စေချင်ဘူး​။ အဲဒီလိုမျိုး​ ဖြစ်​နေတယ်ဆိုရင် ဒီမိုက​ရေစီကို ​ရှေး​ရှုသွား​မယ်ဆိုတဲ့​ အ​ခြေအ​နေ​တွေကို သံသယဖြစ်​အောင် လုပ်​နေသလို ဖြစ်နိုင်တယ်။ ပြည်သူလူထုက အမြင်လွဲမှား​သွား​နိုင်စရာ ကိစ္စရပ်​တွေက ဒီအ​ခြေအ​နေမျိုး​မှာ မရှိသင့်​ဘူး​လို့​ ထင်ပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အခု လှည်း​ကူး​ ခရီး​စဉ်ဟာ လူသိန်း​ချီ ကြိုဆိုခဲ့​ကြတဲ့​ တနင်္သာရီတိုင်း​ ထား​ဝယ်ခရီး​၊​ ဧရာဝတီတိုင်း​ ပုသိမ်၊​ ​မြောင်း​မြခရီး​၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ခရီး​စဉ်အပြီး​မှာ စီစဉ်ထား​တာ ဖြစ်ပါတယ်။

အခုခရီး​စဉ်မတိုင်ခင် ဒီလ ၄ ရက်​နေ့​က စီစဉ်ခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မန္တ​လေး​တိုင်း​ ခရီး​စဉ်လည်း​ ​နေရာ အခက်အခဲ​ကြောင့်​ ဖျက်သိမ်း​ခဲ့​ရပါတယ်။ မန္တ​လေး​ခရီး​စဉ်မှာ ​ဟော​ပြောဖို့​ နဂိုက စီစဉ်ထား​တဲ့​ ဗထူး​အား​ကစား​ကွင်း​နဲ့​ မန္တ​လေး​တောင်​ခြေရှိ အား​ကစား​ကွင်း​တွေကို ငှား​ရမ်း​ပေမယ့်​ မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်နဲ့​ တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်တို့​က ခွင့်​မပြုတဲ့​အတွက် ရပ်ဆိုင်း​ခဲ့​ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013