DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၊ တနိုင်းဒေသမှော်များမှ လူအားလုံးနီးပါး တိမ်းရှောင်
DVB
·
June 11, 2017
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းဒေသ ရွှေနဲ့ ပယင်းမှော်တွေက လူတွေ စစ်ဘေးရှောင်ကြရင်း မှော်တွေမှာ လူကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

တရားမဝင်မှော်တွေကနေ ထွက်ခွာဖို့ တပ်မတော်က သတိပေးစာတွေ ဖြန့်ဝေခဲ့တဲ့နောက် လူတွေ နေ့စဉ်နဲ့အမျှ ထွက်ခွာလာနေကြတာပါ။

မှော်တွေက ထွက်လာသူကိုတွေကို သွားလာရေး၊ တနိုင်းမြို့ပေါ်မှာ တည်းခိုရေးနဲ့ နေရပ်ပြန်ရေးတို့ကို မြို့ခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ကူညီပေးနေတယ်လို့ သိရပါတယ်။

စက်လှေမလောက်လို့ မှော်တွေထဲမှာ ကျန်သေးတယ်လို့ ကြားတယ်။ နောက် သုံးရက်လောက် နေရင်တော့ လူကုန်လောက်ပါတယ်။ အခုနက သွားကြည့်တော့ KBC (ကချင်နှစ်ခြင်း အသင်းတော် ချာ့ခ်ျ)မှာ လူ ၃၅၀ လောက်ရှိတယ်။ အခုတော့ ထပ်ရောက်လာတယ် ကြားတယ်။ RC (ကက်သလစ်ချာ့ခ်ျ) မှာတော့ လူ ၂၀၀ ကျော် ရှိတယ်။ တခြားမြို့တွေကို ဆက်သွားမယ့်သူတွေကိုတော့ နမ္မတီးအထိ ကားတွေနဲ့ အခမဲ့ ပို့ပေးနေတယ်” လို့ တနိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်တန်က ပြောပါတယ်။

မှော်တွေထဲကနေထွက်လာဖို့က စက်လှေလမ်းကြောင်းပဲ ရှိပြီး တနိုင်းက စက်လှေတွေကို သက်ဆိုင်ရာက မထွက်ခိုင်းသလို မြို့မှာလည်း ကပ်ခွင့်မပေးတာကြောင့် ထွက်လာသူတွေ အခက်ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်မှာ လုပ်ကိုင်သူ အများစုဟာ အဝေးက လူတွေ ပိုများတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ပဲ မိုးကောင်းကို ကားကြီး တစီးနဲ့ ပို့ပေးရတယ်။ ကျနော်တို့ ကူညီပေးနိုင်တာကတော့ သူတို့ မှော်ထဲကနေ စက်လှေနဲ့ ထွက်လာရင် သွားကြိုပြီး နားနိုင်မယ့် ဘုန်းကြီးကျောင်းတို့၊ ခရစ်ယာန် ချာ့ခ်ျတို့ကို ပို့ပေးတယ်။ တခြားမြို့တွေကို ထွက်မယ်ဆိုရင်လည်း ကူညီပေးတာပါ” လို့ သူရိယပန်းတိုင် လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးအောင်ကျော်မြင့်က ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်းက ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်နဲ့ နန့်ကွမ်း မှော်တွေဟာ တရားဝင်မှော်တွေ မဟုတ်တာကြောင့် ထွက်ခွာသွားကြဖို့နဲ့ ဇွန် ၁၅ ရက်နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး ပြုလုပ်မယ်လို့ တပ်မတော်က စာတွေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013