ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဇွန် ၁၀ ရက်နေ့ ညနေ ၆ နာရီလောက်က လူသတ်မှုတခုဖြစ်ပွားပြီး အမျိုးသားတဦး နေရာမှာပင်သေဆုံးကာ တဦး ဒဏ်ရာရှိခဲ့တယ်လို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲစခန်းက ပြောပါတယ်။
ကျောက်တံခါးမြို့နယ် အုတ်ပုံကျေးရွာမှာနေထိုင်တဲ့ စီနားဟာ သူရဲ့ နေအိမ် ဈေးဆိုင်မှာ ဈေးရောင်းနေစဉ် အိမ်နီးချင်း ဟီသီရာနာနဲ့ သူရဲ့သားဖြစ်သူတို့ ရောက်ရှိလာပြီး ဈေးဆိုင်အတွင်း ထိုင်နေရာကနေ တံတွေးထွေးရာမှ ဆိုင်ရှင်စီနားဘက် ထွေးမိတာကြောင့် စကားများရန်ဖြစ်ပြီး အနီးမှာရှိတဲ့ ဓားနဲ့ ခုတ်ခဲ့တာဖြစ်ပါတယ်။
ဓားနဲ့ခုတ်လို့ ဟီသီရာနာမှာ ဒဏ်ရာတွေရရှိကာ နေရာမှာပင် သေဆုံးသွားပြီး သားဖြစ်သူမှာလည်း ဒဏ်ရာတွေ ရရှိခဲ့တာပါ။
ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက "သေဆုံးတဲ့သူနဲ့ သတ်တဲ့သူက အိမ်မျက်နှာချင်းဆိုင်ဗျ။ သေတဲ့သူ သားအဖက အဲ့ဒီဆိုင်ကို သွားတာ၊ ခုတ်တဲ့လူက အရက်ရောင်းတယ်၊ အဲဒီဆိုင်ထဲရောက်တော့ ထိုင်နေပြီး တံတွေးထွေးတယ်ပေါ့။ အဲဒီမှာ သူဘက်ကို ထွေးမိလို့ဆိုပြီး စကားများပြီး ဆိုင်ရှင်က ဓားနဲ့ခုတ်လိုက်တာပါ"လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူကို ကျောက်တံခါးပြည်သူ့ဆေးရုံ ပို့ဆောင်ကုသနေရပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲစခန်းက ပြောပါတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲတပ်ဖွဲစခန်းက လူတဦးကို သေဆုံးဒဏ်ရာရ ရှိတဲ့အထိ ပြုလုပ်ခဲ့သူ ဈေးဆိုင်ပိုင်ရှင် စီနားကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ - ၃၀၂ / ၃၂၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)











