
မကွေးတိုင်း မင်းဘူး (စကု) မြို့နယ်ထဲက မဲချောင်ကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၃၀ ရက် ညနေပိုင်းမှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးကာ ၃ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ဗုံးကြဲခံရတဲ့ မဲချောင်ရွာ ဆိုတာက စကုမြို့နယ်ရဲ့ အနောက်တောင်ဘက် အခြမ်းမှာ ရှိတာပါ။ ညနေ ၆ နာရီ မထိုးခင်လေးမှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲသွားတာပါ။ အသက် ၆၀ အရွယ်လောက်ရှိတဲ့ အမျိုးသားတယောက် ခေါင်းကိုဗုံးစထိပြီး နေရာမှာတင် သေဆုံးသွား ပါတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက်တို့လည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြကာ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မဲခေါင်ကျေးရွာနဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ မကွေးလေတပ်က တက်လာတဲ့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းကတော့ မန်းချောင်းအနောက်ဘက်တွေမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းကစပြီး အခုချိန်အထိ စစ်ကြောင်းထိုးတာလည်း မရှိသလို တိုက်ပွဲ ဖြစ်တာလည်း မရှိပါဘဲနဲ့ မဲချောင်ရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံး အကြဲခံလိုက်ရတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဘက်က မြေပြင်မှာ တိုက်ပွဲတွေ မရှိပေမဲ့လည်း ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










