သိမ်းဆည်းလယ်ယာမြေတွေကို မူလတောင်သူနဲ့ သက်ဆိုင်သူတွေထံ ဒုသမ္မတ ဟင်နရီဗန်ထီးယူက ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်တဲ့သတင်းကို ခန်းမအတွင်း သတင်းရယူခွင့် တားဆီးပိတ်ပင်ခံရတယ်လို့ သတင်းရယူခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။
ဇွန် ၁၀ ရက်နေ့ မနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ စွန့်လွှတ်မြေတွေကို မူလတောင်သူနဲ့ သက်ဆိုင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ၂ ဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
မွန်/ကရင်အခြေစိုက် ဟင်္သာမီဒီယာသတင်းဌာနက ဒေသခံသတင်းထောက် ရာဟု(ဘားအံ)က “ကျနော်တို့ကို ပေးမဝင်ဘူးတဲ့။ တခြားဌာနဆိုင်ရာနဲ့ ပတ်သက်တဲ့ သတင်းသမားတွေကျတော့ ပေးဝင်တယ်။ ကျနော်တို့ကို သမ္မတ လာတဲ့တချက်နဲ့ ပြန်ထွက်တဲ့ တချက်တော့ ရိုက်ခွင့်ရှိမယ်တဲ့။ နောက်ပြန်ထွက်လာရင် အင်တာဗျူးခွင့်ရှိမယ်တဲ့ အဲဒီလိုမျိုး ပြောတယ်။ ကျနော်တို့က အဓိက ဖော်ပြချင်တာ ဒေသခံတွေ လယ်ယာမြေ ပြန်လည်အပ်နှံတဲ့၊ ပြန်လည်စွန့်လွှတ်တဲ့ ပေးအပ်တဲ့ သတင်းမှတ်တမ်း ရိုက်ချင်တာ” လို့ ပြောပါတယ်။
သတင်းသမားတွေ သတင်းဝင်ရောက်ရယူခွင့် ပိတ်ပင်ခံရတာနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးကို ဒီဗွီဘီက ခန်းမပြင်ပမှာ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တစုံတရာ ပြောကြားခြင်း မရှိပါဘူး။
The Voice နေ့စဉ်ထုတ် သတင်းစာက နယ်သတင်းထောက် စောကျော်ဌေးက “ကျနော်တို့ကို လုံခြုံရေးတွေ တားတယ်။ လုံခြုံရေးကို ကျနော်တို့က ဘယ်သူကခိုင်းလဲဆိုတာကို ကျနော်တို့က မေးတယ်။ တိတိပပ သူတို့က ဘာမှ ပြန်မဖြေဘူး။ ပြည်နယ်အစိုးရကို မေးချင်တာက ပြီးခဲ့တဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံသတင်းစာရှင်းလင်းမှာ ဆိုလို့ရှိရင် သတင်းကို လွတ်လပ်စွာ ယူခွင့်ရတယ်ဆိုပြီးတော့ ပြောခဲ့ပြီးတော့ အခုကတော့ ကျနော်တို့ အတားဆီးခံရတယ်”လို့ ပြောပါတယ်။
ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်က ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ပြည်နယ်အစိုးရ ရဲ့ တစ်နှစ်တာလုပ်ငန်းဆောင်ရွက် ပြီးစီးမှုတွေကို သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ သတင်းလွတ်လပ်စွာ ရယူခွင့်ရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
အဆိုပါပွဲကို နိုင်ငံပိုင်သတင်းဌာနတွေဖြစ်တဲ့ MRTV NRC မြန်မာ့အလင်း၊ ကြေးမုံ ပြန်/ဆက် သတင်းဌာနတွေတာ သတင်းခန်းမအတွင်း သတင်းရယူခွင့်ပေးပြီး၊ ကျန်သတင်းဌာန သတင်းသမားတွေကို ဝင်ရောက်ခွင့် လုံခြုံရေးကတ်တွေ ထုတ်ပေးခဲ့ပေမယ့် ဝင်ရောက် သတင်းယူခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
သတင်း - ရဲမင်းခေါင်










