လှည်းကူးမြို့နယ်အတွင်းမှာ ရှိနေတဲ့ ကျူးကျော်ရွာ ၅ ရွာကို ရှင်းလင်းဖို့ သက်ဆိုင်ရာက စီစဉ်နေပါတယ်။
“ဇွန်လ ၇ ရက်နေ့က မြို့နယ် ထွေ/အုပ်ရုံးမှာ ခေါ်ပြောတယ်။ လာမယ့် ၁၂ ရက်နေ့မှာ ဒီကွင်းတွေကို အပြီးရှင်းမယ်တဲ့။ ကျနော်တို့မှာ အခု မိုးရာသီကြီး ပြောင်းရွှေ့ဖို့ မလွယ်ဘူးလေ” လို့ ရတနာအောင်ရွာကို စတည်ခဲ့တဲ့ ဦးပြုံးချိုက ပြောပါတယ်။
စခန်းကြီး ကျေးရွာအုပ်စုထဲမှာ ရတနာအောင်၊ အောင်ရတနာ၊ အောင်သုခ၊ စိမ်လန်းစိုပြည်၊ ကံ့ကော်ကျွန်း ဆိုတဲ့ ကျူးကျော်ရွာ ၅ ရွာကို ၂၀၁၅ ခုနှစ်ကုန်ပိုင်းက စတည်လာခဲ့တာဖြစ်ပြီး လက်ရှိမှာ အိမ်ခြေ ၅ ထောင် ဝန်းကျင်လောက် ဖြစ်နေပါတယ်။
“ဒီမှာနေကြသူတွေက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းက များတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းကလည်း ရှိကြတယ်။ နဂိုက ဒီနေရာမှာ စိုက်ပျိုးနေတဲ့သူတွေကို နစ်နာကြေးပေးပြီး ရွာတည်ခဲ့တာ” လို့ ဒေသခံ ကိုသီဟက ပြောပါတယ်။
လှည်းကူးမှာရှိတဲ့ ကျူးကျော်ရွာနဲ့ အိမ်တွေကို ၂၀၁၅ ခုနှစ်တုန်းကလည်း ဖယ်ရှားဖူးပါတယ်။











