DVB Logo
Home
ဆောင်းပါး
ပြောင်းလဲနေတဲ့ ကျနော်တို့ ကမ္ဘာကြီး၊ သောက်သုံးရေ ပြဿနာ
DVB
·
February 14, 2012
ပြောင်းလဲနေတဲ့ ကျနော်တို့ ကမ္ဘာကြီး၊ သောက်သုံးရေ ပြဿနာ
Donate to DVB

Water water every where

not a drop to drink

ရေတွေ ရေတွေ နေရာတကာမှာ အများကြီးပဲ။ သောက်သုံးစရာတစက်မှ မရှိပါလား။

အရင်ခေတ်က အညာထန်းတောတွေမှာ ရေတောင်းသောက်ရင် စိတ်ဆိုးတယ်။ ထန်းရေတော့ တောင်းသောက်လို့ရတယ်တဲ့။

ဒီနေ့ကမ္ဘာမှာ သောက်စရာရေဆိုလို့ တော်တော် ရှားပါလားလို့ ညည်းညူသံကို ကြားဖူးတယ်။ အဲဒါက ၀ါးခယ်မခရီး သင်္ဘောပေါ်မှာ ဆရာမင်းယုဝေ ပြောတာပါ။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာ ရေချိုလို့ခေါ်ကြတဲ့ သောက်သုံးနိုင်တဲ့ ရေ အင်မတန် ပေါများပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ နောက် မဲခေါင်မြစ်လည်း ကျွန်တော်တို့ တပိုင်းတစပိုင်တာပဲ။ မြစ်ရေများဟာ ရေချိုများသာ ဖြစ်ကြတယ်။ မြစ်ညာကလူတွေ ဆင်ခြင်ကြရင်တော့ ဒီမြစ်တွေဟာ ထာဝစဉ်သန့်ရှင်းနေမှာပါ။

ညစ်ညမ်းတော့တာပဲပေါ့။

ဝါးခယ်မရောက်တော့ သူတို့တတွေဟာ မြစ်ရေကို ချိုးဖို့ ဆေးကြောဖို့ သုံးစွဲတာကိုတွေ့တယ်။ မြစ်ရေတွေက ရေငန်တွေ မဟုတ်ဘူး။ မြို့ခံလူတွေက ပြောပြတယ်။

သောက်ရေကိုတော့ ရေသန့်ဘူးတွေ ၀ယ်သုံးကြပါတယ်။  ဒါပေမယ့် ရေသန့်ကို လူတိုင်း သုံးနိုင်ကြရဲ့လား။ မြစ်ရေတွေ ညစ်ညမ်းနေရင် ကျန်းမာရေး ထိခိုက်တော့တာပါပဲ။ အသားဝါစေတဲ့ ဘီပိုးတွေ၊ ကုရခက်တဲ့ စီပိုးတွေနဲ့ ဆိုင်တဲ့ အသည်းရောဂါ အဖြစ်များတယ်တဲ့။

နိုင်ငံတကာရှုခင်းကို ပြန်ကြည့်မိတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်က တရုတ်ပြည် ယန်စီမြစ်ရေတွေ ပြဿနာ တက်တယ်။ ယန်စီမြစ်ရဲ့ အလျားဟာ (၃၉၀၀ မိုင်) ရှည်လျားတယ်။ အာရှတိုက်မှာ အရှည်ဆုံးမြစ် ဖြစ်ပြီး ကမ္ဘာမှာ တတိယအရှည်ဆုံးမြစ် ဖြစ်တယ်။ သူဟာတိဘက် ကုန်းမြင့်က မြစ်ဖျားခံတယ်။ ဒီမြစ်က စိုက်ပျိုးရေးအတွက်နဲ့ လမ်းပန်းဆက်သွယ်ရေး အတွက် အရေးပါတယ်။ နောက်ပိုင်း Thee Gorges Dam ဆောက်ပြီးတဲ့အခါ ရေအားလျှပ်စစ်လည်း ရလာတော့ အင်မတန် အဆင်ပြေ သွားတယ်။ ဒါပေမယ့် စက်မှုလက်မှု အင်မတန် ထွန်းကားပြီး စည်းမရှိကမ်းမရှိ လုပ်တတ်တဲ့ တရုတ်တွေရဲ့ အလေ့အကျင့်ကြောင့် ခုလို မြစ်ရေတွေမှာ ပြဿနာ တက်ရတာပါပဲ။ ပထမဦးဆုံး ဖြစ်တာကတော့ စက်ရုံတရုံက အဆိပ်သတ္တု တမျိုးဖြစ်တဲ့ ကက်ဒမီယမ် (cadmium) ကို မြစ်ထဲ စွန့်သတဲ့။ ဒီလိုစွန့်တဲ့ စက်ရုံက တာဝန်ရှိသူ ၆ ဦးကို ဖမ်းဆီးလိုက်တယ်။

နောက် ရက်သတ္တပတ်မှာပဲ နောက်ထပ် ယန်စီမြစ်မှာ ဓာတုပစ္စည်းတွေ ဖိတ်စင်တယ်။အဲဒါက ကုန်တင် သင်္ဘောတစီးက ချေးချွတ်ဆပ်ပြာ ထုတ်လုပ်ဖို့ သယ်ဆောင်လာတဲ့ ဖီနောတွေ မြစ်ထဲ ဖိတ်စင်လို့ပါပဲတဲ့။

တကယ်တော့ ရှန်ဟိုင်းရဲ့ သောက်သုံးရေများကို ယန်စီမြစ်ကနေ ရရှိတာ ဖြစ်တယ်။ အခြေနေဆိုးလာရင်တော့ ရေပေးဝေမှုကို ပိတ်လိုက်မယ်လို့ တာဝန်ရှိသူများက ဆိုတယ်။

ဒါဆိုရင် ပြည်သူတွေ ရေငတ်ကုန်တော့မှာပေါ့။ ရှန်ဟိုင်းမှာ လူဦးရေ ၁၃ သန်းကျော် ရှိတယ်။

တကယ်တော့ ရေရှားတဲ့နိုင်ငံတွေမှာ စံနမူနာ တင်ရမှာကတော့ စင်ကာပူပါပဲ။ စင်ကာပူဟာ မလေးရှားနိုင်ငံက ရေကို ၀ယ်ယူ သုံးစွဲနေရတယ်။ စင်ကာပူမှာ Technology ရှိတယ်။ သူတို့ဟာ ရေသန့်ကို မလေးရှားမှ ၀ယ်ယူနေရာက မိမိတို့ကိုယ်တိုင် ရေကိုပြန်လည် အသုံးပြုနိုင်အောင် ဆောင်ရွက်မယ်လို့ ကြေညာတယ်။

ဘာကြောင့်လဲဆိုတော့ မလေးရှားက သူရဲ့ ရေကို ဈေးတိုးမြှင့် ယူလိုတာကြောင့်ပါပဲ။ ၁၉၆၁-၆၂ စာချုပ်အရ ရေတန်ဖိုး တိုးယူနိုင်တယ်လို့ သိရတယ်။ ကမ္ဘာ့ရေပြဿနာဟာ အတော်လေး ရင်လေးစရာ ကောင်းနေပြီလို့ ဆိုတယ်။ ၂၀၀၂ ခုနှစ်က စင်ကာပူရဲ့ ပြဿနာ ဖြေရှင်းပုံလေးကို ကြည့်ကြပါစို့။

စင်ကာပူရဲ့ အမျိုးသားနေ့မှာ ဒု-၀န်ကြီးချုပ်လီချန်လွန်းက သူ့ရဲပွဲကို တက်ရောက်လာတဲ့ လူတွေကို ရေတခွက်စီ တိုက်တယ်။

အဲဒီရေကို ရေသစ်(New Water)လို့ သူက နာမည်ပေးထားတယ်။ အဲဒီရေဟာ လက်ဆေးကန်က ထွက်တဲ့ရေ၊ ပန်းကန်ဆေးရေနဲ့ အိမ်သာကထွက်တဲ့ ရေတွေပဲ ဖြစ်တယ်။ အဲဒီရေတွေကို သန့်စင်ထားရာက ရေသစ်ကိုရတယ်။

အဲဒီရေသစ်ကို သောက်တဲ့လူတွေရဲ့မျက်နှာတွေကို သတင်းထောက်တွေက တီဗွီကင်မရာနဲ့ မှတ်တမ်းတင်တယ်။ လူငယ်တွေလည်း မကြောက်မရွံ့ နောက်မတွန့်ဘဲ ရေကို ကျေကျေနပ်နပ် သောက်တယ်။

နိုင်ငံရေးနဲ့ အမျိုးသားရေးအပြင် ပတ်ဝန်းကျင်ရေးအတွက် အင်မတန် အရေးကြီးတဲ့ ဆောင်ရွက်ချက် တခုလို့ စင်ကာပူနိုင်ငံရေး အကဲဖြတ်သမားတွေက ဆိုတယ်။

တကယ်တော့ စင်ကာပူ တနိုင်ငံတည်းက ရေကို ဒီလို ပြန်လည်သန့်စင်ပြီး သုံးစွဲတာတော့ မဟုတ်ပါဘူး။

တောင်ပိုင်း ကယ်လီဖိုးနီးယားက အောရိန်းကောင်တီ (Orange County) ဆိုရင် ၁၉၇၆ ခုနှစ်ကတည်းက အသုံးပြုပြီး ရေကို နက်ရှိုင်းတဲ့ နေရာအထိ ရောက်အောင် မြေကြီးထဲ ထိုးသွင်းကာ  အင်မတန်သန့်တဲ့ ရေအနေနဲ့ ပြန်လည် အသုံးပြုကြတယ်။

စင်ကာပူမှာ ဘုံဘိုင်ရေနဲ့ အိမ်သာသုံးရေတွေကို သန့်စင် အသုံးပြုတဲ့ ရေသစ်ဟာ စင်ကာပူကို မလေးရှားနဲ့ တန်းတူရည်တူ ဖြစ်သွားစေတယ်။ ရေသစ်ဟာ လောလောဆယ် စင်ကာပူမှာ လိုအပ်တဲ့ သောက်သုံးရေရဲ့ ထက်ဝက်ကို ဖြည့်တင်းပေးတယ်။

ဒီလို ဆောင်ရွက်ချက်ဟာ ချီးကျူးစရာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာ ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားတာကြောင့်ပဲ။

ရေရှားပါးမှုဟာ ပိုပြီး ဆိုးလာစရာရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ ခန့်မှန်းချက်အရ ၂၁ ရာစု အစပိုင်းကနေစပြီး ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ အခြေခံ သောက်သုံးရေ လိုအပ်ချက်ကို ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုထားတယ်။

ကနဦးအနေနဲ့ စင်ကာပူဟာ ရေသစ်ကို စက်မှုလုပ်ငန်းသုံး အတွက် စတင် သုံးစွဲသွားမှာ ဖြစ်တယ်။

နောက်ပိုင်းမှာတော့ အဲဒီရေသစ်ကို ဆည်တွေထဲကို ထည့်ပေးပြီး ဘုံဘိုင်ရေအနေနဲ့ သုံးစွဲသွားဖို့ စီစဉ်ထားတယ်။

ပြည်သူလူထု ရေရရှိရေးအဖွဲ့က လာမယ့်နှစ်မှာ ရေသစ်စက်ရုံ နှစ်ရုံကို ဆောက်လုပ်သွားဖို့ စီစဉ်ထားကြောင်း သိရတယ်။

အပြည်ပြည်ဆိုင်ရာအဖွဲ့က ကြေညာတာကတော့ ရေသစ်ဟာ ဘုံဘိုင်ရေထက် ကောင်းတယ်။ ပိုပြီး အန္တရာယ်ကင်းတယ်လို့ ဆိုတယ်။ ဒါပေမယ့် ရေသစ်ဟာ သူ့ရဲ့နာမည်ဆိုးဖြစ်တဲ့ ရေဆိုးဆိုတဲ့ နာမည်ကို ချေဖျက်နိုင်ပါ့မလားဆိုတဲ့ သံသယ ရှိနေကြတယ်။

စင်ကာပူဟာ မလေးရှားဂျိုးဟော့ ကနေ ရေဂါလန် ၁ ထောင်ကို မလေးရှားရင်းဂစ် ၃ ဆင့်နဲ့ ၀ယ်တယ်။ ဒီရေကိုပဲ စင်ကာပူက သန့်စင်ပိုးသတ်ပြီး မလေးရှားကို ဂါလန် ၁ ထောင်လျှင် ဆင့် ၅၀ နဲ့ ပြန်ရောင်းတယ်။ (ဒါကစီးပွားရေးပေါ့)

စင်ကာပူဟာ ရေသစ်နဲ့ အတူ မလေးရှားမှရေ၊ ပင်လယ်မှ သန့်စင်ထားတဲ့ မိုးရေ စုစုပေါင်းဟာ စင်ကာပူကို  အတိုင်းအတာ တခုအထိ လုံလောက်စေမှာ ဖြစ်တယ်။ ၂၀၁၁ နှစ်မှာ မလေးရှားနဲ့ ချုပ်ဆိုထားတဲ့ ရေအရောင်းအ၀ယ် စာချုပ်နှစ်ခု ပျက်ပြယ်တယ်။ နောက်စာချုပ်တခုကတော့ ၂၀၆၁ ခုနှစ်မှာမှ ပျက်မယ်။

နိဂုံးအနေနဲ့ ပြောရလို့ရှိရင် ကမ္ဘာကြီးဟာ လိုတာတွေအားလုံး ပေးတယ် မထင်ပါနဲ့။

ဂျိုးဖြူနဲ့ လှော်ကားရေကို အခမဲ့နီးပါး သုံးနေကြတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေဟာလည်း ရေရဲ့ တန်ဖိုးကို မမေ့သင့်ပါဘူး။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်စတဲ့ မြစ်ကြီးတွေရဲ့ တန်ဖိုးကို လည်း သဘောပေါက်ပါ။

အထူးသဖြင့် မြစ်တွေဟာ အမှိုက်ပစ်စရာ အမှိုက်ပုံးတွေ မဟုတ်ကြောင်း သတိပြုကြပါလို့ မေတ္တာရပ်ခံပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013