
Rockstar ကုမ္ပဏီအတွက် အကြီးမားဆုံး ဂိမ်းစီးရီးဖြစ်တဲ့ Grand Theft Auto ရဲ့ နောက်ဆုံးထွက် GTA 6 က Standard Version ကို ၇၉ ဒသမ ၉၉ ဒေါ်လာနဲ့ Premium Version ဆိုရင် ဒေါ်လာ ၁၀၀ အထိ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။
ပုံမှန်နဲ့ ပရီမီယမ် ကွာခြားချက်အရ ဈေးပိုပြီးကြီးတဲ့ “Ultimate Edition” မှာဆိုရင် ဂိမ်းဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေ၊ လက်နက်တွေနဲ့ ယာဉ်အမျိုးအစားတွေ ပိုမိုပါဝင်လာမှာ ဖြစ်ပါတယ်။
Rockstar ကတော့ GTA 6 ဂိမ်းကို အပြင်မှာ ဘူးနဲ့ဝယ်တဲ့အခါ အခွေအစား (Disc) ဒစ်ဂျစ်တယ်နည်းနဲ့ Download ဆွဲနိုင်မဲ့ ကုဒ်တခုသာ ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ အလွတ်တန်း ဂိမ်းသတင်းထောက်တယောက်ဖြစ်တဲ့ ဗစ်ဟုဒ်က GTA 6 ဈေးနှုန်းကို “အတော်လေးသင့်တင့်တယ်” လို့ ဆိုထားပေမဲ့လည်း “အခွေအတိုင်း စုဆောင်းလိုသူတွေ အတွက်တော့ မကျေမနပ် ဖြစ်စေနိုင်တယ်” ဆိုပြီး မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို Rockstar ဘက်ကနေ ပြန်ကြည့်မယ်ဆိုရင် အဓိပ္ပာယ်ရှိတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ “ဒါမှသာ တပတ်ရစ် ပြန်ရောင်းတာနဲ့ ပြန်ဝယ်တာတွေ လျော့ကျစေနိုင်တဲ့အပြင် ဂိမ်းအချက်အလက် (Leaks) ကြိုတင်ပေါက်ကြားတာမျိုးပါ တားဆီးနိုင်မှာ” ဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဇွန် ၂၅ ရက် သန်းခေါင်ယံအချိန်ကစပြီး GTA 6 အတွက် ကြိုတင်မှာယူမှုတွေကို လက်ခံနေပြီ ဖြစ်သလို လာမဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ တရားဝင် ထွက်လာမှာလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ GTA 5 ဆိုရင် ၅၉ ဒသမ ၉၉ ဒေါ်လာ စျေးနှုန်းနဲ့ အခွေပေါင်း သန်း ၂၃၀ နီးပါးကို ရောင်းချနိုင်ခဲ့ပါတယ်။
GTA 6 မှာတော့ ပထမဆုံး ကစားလို့ရမဲ့ အမျိုးသမီးဇာတ်ကောင် Lucia ပါဝင်လာခဲ့ပြီး Jason ဆိုတဲ့ ဒုတိယမြောက် အမျိုးသားဇာတ်ကောင်နဲ့ တွဲဖက်ပေးထားပါတယ်။
အဲဒီနောက် ဂိမ်းစျေနှုန်း အနည်းငယ်တက်လာတာနဲ့ ပတ်သက်ပြီး “ဒေါ်လာ ၂၀ လောက်က ကစားမဲ့သူတွေရဲ့ ပိုက်ဆံအိတ်ကို သိပ်ပြီး ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒေါ်လာ ၈၀ ဟာ ပုံမှန်စံနှုန်းလိုမျိုး မဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်” လို့ ပရိသတ်တယောက်အနေနဲ့ ပို့စ်တင်ထားပါတယ်။











