DVB Logo
Home
မြန်မာသတင်း
ပျက်ကျ Y-8 လေယာဉ်မှ ဗိုလ်ကြီးတဦးအပါအဝင် ရုပ်အလောင်း ၅ လောင်းကို မီးသင်္ဂြိုဟ်
DVB
·
June 10, 2017
Donate to DVB

တပ်မတော်ပိုင်လေယာဉ်ပျက်ကျရာမှာ ပါဝင်ပြီး အသက်ဆုံးရှုံးခဲ့တဲ့ ဗိုလ်ကြီးမင်းသူခန့်နဲ့အတူ တပ်မတော်မိသားစုဝင် ၄ ဦးရဲ့ ရုပ်အလောင်းကို ထားဝယ်မြို့ သုသာန်မှာ ဇွန်လ ၁၀ ရက်နေ့က(ဒုတိယရက်) မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေအနက် တပ်မတော်အရာရှိဗိုလ်ကြီးတဦးကို စတင်မီးသင်္ဂြိုဟ်တာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ မီးသင်္ဂြိုဟ်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ဗိုလ်ကြီး မင်းသူခန့်ဟာ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး ဆေးရုံပြောင်းဖို့အတွက် မြိတ်ကနေ ရန်ကုန်ကို တပ်မတော်ပိုင်လေယာဉ်နဲ့ လိုက်ပါလာတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

လေယာဉ်ပျက်ကျလို့ ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေအနက် အတည်ပြုလို့ ရတဲ့ ရုပ်အလောင်းတွေကို ထားဝယ်သုသာန်မှာ ပထမရက် ဇွန် ၉ ရက်နေ့က ရုပ်အလောင်း ၁၄ လောင်းနဲ့ ဒုတိယရက် ဇွန်လ ၁၀ ရက်နေ့မှာတော့ ရုပ်အလောင်း ၅ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၁၉ လောင်းကို မီးသင်္ဂြိုဟ်ပြီးခဲ့ပါပြီ။

ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော်ပိုင်လေယာဉ် Y-8 လေယာဉ်ဟာ ထားဝယ်မြို့မှ ရေမိုင် ၁၆ မိုင်လောက် အကွာ၊ ထားဝယ်ကမ်းရိုးတန်းပင်လယ်ပြင်မှာ ပျက်ကျသွားခဲ့ပြီး အဆိုပါလေယာဉ်နဲ့အတူ တပ်မတော်အရာရှိ၊ မိသားစုဝင်၊ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာခဲ့တာပါ။

လေယာဉ်ပျက်ကျပြီးလို့ ဇွန်လ ၁၀ ရက်နေ့အထိ ရုပ်အလောင်း ၃၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိရုပ်အလောင်းတွေကို ဒေသခံငါးဖမ်းလှေတွေ၊ တပ်မတော်ရေတပ် စစ်သဘောင်္တွေ၊ ကင်းထောက်လေယာဉ်တွေ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ဒေသခံလူမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲပါ။

သတင်း - ကျော်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013