DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှုကွဲလွဲချက်များ မြန်မာဥပဒေအကြံပေးအဖွဲ့ တွေ့ရှိ
DVB
·
June 10, 2017
လိပ်ကျွန်းအမှုကွဲလွဲချက်များ မြန်မာဥပဒေအကြံပေးအဖွဲ့ တွေ့ရှိ
Donate to DVB

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးနေရာမှာ အမှုအတွက် အရေးပါတဲ့ ကွဲလွဲချက်တွေကို မြန်မာနိုင်ငံ ဥပဒေအကြံပေးအဖွဲ့က ထိုင်းရှေ့နေများကောင်စီထံ အပ်နှံလိုက်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း ဦးဆောင်တဲ့ ဥပဒေနှင့် မှုခင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကနေပြီး အဓိကအားဖြင့် ဒီအန်အေနဲ့ ပတ်သက်တဲ့ ကွဲလွဲမှုအပေါ် အထူးအလေးထားရေးသားတဲ့ အချက်ပေါင်း ၁၈ ချက်၊ စာမျက်နှာပေါင်း ၇ မျက်နှာပါ တွေ့ရှိချက်တွေကို ထိုင်းရှေ့နေများကောင်စီထံ ဇွန် ၅ ရက်နေ့က ပေးပို့ခဲ့တယ်လို့  ဒီအမှုမှာ ကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအန်အေနဲ့ ပတ်သက်တာကို အထူးအလေးထား ရေးထားပါတယ်။ ဒီအန်အေမှာ ကွဲလွဲမှုတွေ အများကြီးရှိတယ်လေ။ လူသတ်တရားခံပါလို့ တရားလိုဘက်က စွပ်စွဲတဲ့ ပေါက်တူးဆိုရင် စစ်ဆေးတဲ့အခါမှာ ကလေးတွေရဲ့ ဒီအန်အေ မတွေ့ဘဲနဲ့ တခြားယောက်ျား ၂ ယောက်ရဲ့ ဒီအန်အေတွေ့တယ်။ ဒါပေမယ့် အဲဒီတရားခံ ဘယ်သူဆိုတာကို တရားလိုက ရှာဖွေတွေ့ရှိခြင်း မရှိဘူး။ နောက်တခုက ဟန်နာ (သေဆုံးသူအမျိုးသမီး) ရဲ့တန်ဆာထဲမှာ ဒီအန်အေ ၃ မျိုး တွေ့တယ်လို့ ပြောပါတယ်။ အဲဒါ ဒေါက်တာဖွန်းထစ်ကိုယ်တိုင် ပြောပါတယ်။ ရောထွေး ဒီအန်အေဟာ ဘယ်သူ့ဟာဆိုတာ ခွဲထုတ်ဖို့ သူတို့အတွက် ခဲယဉ်းပါတယ်တဲ့။ ပြီးတော့ တိကျမှန်ကန်တဲ့အဖြေလည်း မရနိုင်ပါဘူးတဲ့။ အဲဒီလို ၃ မျိုးဖြစ်နေပေမယ့် ကျနော်တို့ ကလေး ၂ ယောက်ကိုသာ တရားခံအဖြစ်နဲ့ စွပ်စွဲပြီးတော့ ကျန်တဲ့တယောက်က ဘယ်သူ ဆိုတာကိုလည်း ဆက်လက်ရှာဖွေခြင်း မရှိတဲ့အတွက်ကြောင့် တရားလိုဟာ လွဲမှားတယ်ဆိုတဲ့ အချက်တွေကို တင်ပြထားပါတယ်။”

ထိုင်းရှေ့နေများကောင်စီက အဲဒီတွေ့ရှိချက်တွေကို လက်ခံထားပြီး လိုအပ်ချက်တွေ ထပ်မံပြင်ဆင်ပြီးရင်  ဒီလ ၂၃ ရက်မတိုင်ခင် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဋီကာတရားရုံးချုပ်ကို အယူခံဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ကော်ဆမွီခရိုင် အောက်ခြေတရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ဒုတိယဆင့် အထက်တရားရုံးကို အယူခံတင်ခဲ့ရာမှာ အဲဒီတရားရုံးကပါ ဒီနှစ် မတ်လ ၁ ရက်နေ့က သေဒဏ်အဖြစ် ထပ်မံ အတည်ပြုလိုက်တာကြောင့် အမြင့်ဆုံး ဋီကာတရားရုံးတင်ဖို့ ဆက်လက်ကြိုးစားနေတာပါ။

လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ တရားလိုက ထိုင်းရဲတပ်ဖွဲ့ဖြစ်ပြီး  မြန်မာလူငယ် ၂ ဦးကို သက်သေခိုင်လုံမှုမရှိဘဲ သေဒဏ်ချမှတ်လိုက်တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကပါ စိတ်ဝင်တစား အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်စီရင်ချက် ချမှတ်ခြင်းခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်ထဲ ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013