DVB Logo
Home
မြန်မာသတင်း
တရားသူကြီးအား ဖိနပ်နှင့်ပေါက်သည့်ရှေ့နေ ဆေးစာအတုအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ
DVB
·
June 9, 2017
Donate to DVB

တရားသူကြီးအား ဖိနပ်နဲ့ပေါက်ခဲ့တဲ့ ရှေ့နေ ဦးဇော်ဝင်းကို ဆေးစာအတု ပြုလုပ်တယ်ဆိုပြီး မန္တလေးတိုင်းဒေသကြီး  မတ္တရာမြို့နယ် တရားရုံးက ပုဒ်မ ၄၂၀ (လိမ်လည်မှု) နဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ အမိန့်ချမှတ်လိုက်ပါတယ်။

မတ္တရာမြို့နယ်တရားရုံးမှာ ဒီကနေ့မနက် ၁၀ နာရီမထိုးခင် အမိန့်ချမှတ်ခဲ့တာလို့ မန္တလေးမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“အမှုအမှတ် ၈၅/ ၂၀၁၃ ပေါ့။ အဲဒီဟာနဲ့ပတ်သက်ပြီး သူ့ကို ပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၇၄ ဆိုပြီး ပုဒ်မ ၃ ခုနဲ့ စွဲထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ တရားရုံးက သူ့ကို ဒီနေ့ ပုဒ်မ ၃ ခုထဲက ၂ ခုကို ပယ်ပြီးတော့ ၄၂၀ နဲ့ သူ့ကို ပြန်ပြောပြီးတော့ လိမ်လည်မှုနဲ့ ပြောရင် ဆေးစာအတုလုပ်တယ်ဆိုပြီး အဲဒါနဲ့ပတ်သက်ပြီး လက်ရှိ သူ့ကို ၁ နှစ်ခွဲချလိုက်တယ်ခင်ဗျ။”

သူ့ကို အမိန့်ချတဲ့အချိန်ကလည်း တရားရုံးမဖွင့်သေးတဲ့အချိန်မှာ အမိန့်ချတဲ့အတွက် ဘယ်သူမှ နားထောင်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

ရှေ့နေ ဦးဇော်ဝင်းဟာ ၂၀၁၂ ခုနှစ်အတွင်း ပြင်ဦးလွင်မြို့ရှိ အိမ်ရှင်နဲ့ ကန်ထရိုက်တို့အကြား ဖြစ်ပွားခဲ့တဲ့  အမှုတခုမှာ ရှေ့နေလိုက်ပေးခဲ့ပါတယ်။  ရုံးချိန်းခေါ်ဆိုရာမှာ  ကျန်းမာရေးမကောင်းလို့ ဆေးစာတင်ခဲ့ချိန် ဆေးစာအတုပြုလုပ်တယ်ဆိုပြီး ဆေးစာရေးပေးခဲ့တဲ့ ပြင်ဦးလွင်မြို့ ဆေးတပ်မှ ဗိုလ်ကြီးသက်ခိုင်မြင့် ကိုယ်တိုင်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာတော့  တရားသူကြီးက သူ့ကို အာမခံရုပ်သိမ်းခဲ့တဲ့အပေါ် သူက တရားသူကြီးကို တရားရုံးမှာ ဖိနပ်နဲ့ပေါက်မှု ဖြစ်ပွားခဲ့ပါတယ်။

“အမှုရင်ဆိုင်တဲ့ တနှစ်ကျော်ကျော်ကာလတလျှောက်မှာ သူ ရုံးချိန်းလည်း မှန်တယ်၊ ကျန်းမာရေးအရ သူ မတက်နိုင်တဲ့အခါကျရင်လည်း သူ ဒါကို ပြန်ပြီးတော့ ခွင့်တိုင်ခဲ့တယ်ပေါ့။ သူခွင့်တိုင်တဲ့အခါမှာ ပြီးခဲ့တဲ့လက တရားသူကြီးက သူ့ခွင့်တိုင်မှုကို ပလပ်လိုက်ပြီးတော့ သူ့ကို ရုံးမလာတဲ့အတွက် ဆိုပြီးတော့ အာမခံအမှုကို ရုပ်သိမ်းလိုက်တယ်။ ရုပ်သိမ်းလိုက်တော့ ဒီတရားခွင်မှာပဲ မေ ၃၀ ရက်နေ့က သူ့ကိုဘာကြောင့် အာမခံရုပ်သိမ်းရတာလဲ။ အာမခံ ရုပ်သိမ်းတယ်ဆိုရင် ရုပ်သိမ်းတဲ့အကြောင်း ကျနော့်ကို ရှင်းပြပါ။ အဲဒီမှာ တရားသူကြီးက တရားခွင့်မှာပဲ အထက်အမိန့်အရဆိုပြီး တုံ့ပြန်ခဲ့တဲ့အတွက် ဒီတရားစီရင်ရေးဟာ မရိုးသားဘူး၊ မဖြောင့်မတ်ဘူးဆိုတဲ့အတွက် တရားခွင်မှာပဲ တရားသူကြီးကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အနေအထားအထိ နိုင်ငံတဝန်း ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့အမှုပါ။ ဒီအချိန်မှ သူက တရားစီရင်ရေးကို အယုံအကြည် မရှိတော့ဘူး။ ဘာမှလည်း ဆက်လက်ရင်ဆိုင်ဖို့လည်း စိတ်ကူးမရှိဘူးဆိုပြီး သူ့ရဲ့သက်သေတွေကိုလည်း တရားရုံးက ပလပ်လိုက်ပြီးတော့ ဒီနေ့မှာ သူ့ကို အမိန့်ချလိုက်တယ်ခင်ဗျ။”

သူ့ကို ဆေးစာအတုလုပ်မှုနဲ့ အမိန့်ချခံရပေမယ့် တရားသူကြီးကို ဖိနပ်နဲ့ ပေါက်တဲ့အမှုမှာလည်း ဆက်လက်တရားရင်ဆိုင်ရဖို့ ရှိတယ်လို့လည်း ကိုသိန်းအောင်မြင့်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဟာ မှန်ကန်တဲ့ တရားစီရင်ရေးရှိဖို့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က တကိုယ်တော်ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၁ နှစ်နဲ့  ၈ လ ချမှတ်ခံခဲ့ရဖူးပါတယ်။

၂၀၁၆ ခု ဧပြီ ၄ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး တောင်သူတွေအတွက် ရှေ့နေလိုက်ပေးနေရင်း ထပ်မံတရားစွဲဆို ထောင်ချခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Thein Aung Myint Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013