DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စက်ရုံမှ စွန့်ပစ်မြေဖုံးလွှမ်းခံရမှု နစ်နာကြေးပေးရန် တောင်သူများ ဆန္ဒပြ
DVB
·
June 9, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံမှ စွန့်ပစ်မြေနီတွေ လယ်ယာမြေတွေအပေါ် ဖုံးလွှမ်းခံရမှုကြောင့် နစ်နာကြေးပေးဖို့ ဒေသခံတောင်သူတွေ ဇွန် ၈ ရက်နေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာ၊ တောင်တလုံးကျေးရွာနဲ့ မိုင်းဒိုင်းကျေးရွာတွေက ဒေသခံ ၁၀၀ လောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ အင်းနက်ကျေးရွာသား ဦးစိန်ဝင်းက “ဒေသခံတောင်သူတွေ မြေနီ ကျရောက်ဖုံးလွှမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အထက်က အာဏာပိုင်အဖွဲ့အစည်းတွေဆီကို အဆင့်ဆင့် တင်ပြတောင်းဆိုထားပေမယ့် ဒီနေ့အထိ ကွင်းဆင်းစစ်ဆေးပြီး မဆောင်ရွက်ပေးတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စွန့်ပစ်မြေနီတွေကြောင့် အင်းနက်ကျေးရွာ၊ တောင်တလုံးကျေးရွာ၊ မိုင်းဒိုင်းကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာက အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၂၈၀ ဦး လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေ ၃၄၁ ဒသမ ၈၇ ဧကပေါ်ကို မြေနီတွေ ကျရောက်ပျက်စီးခဲ့တဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။

၂၀၀၈-၂၀၀၉ ခုနှစ်မှာ နီကယ်ကုမ္ပဏီက တူးဖော်စမ်းသပ် လမ်းဖောက်၊ တံတားဆောက်၊ တောင်ဖြိုချိန်က မြေနီတွေ ဖုံးလွှမ်းခဲ့တာ ဖြစ်ပြီး ၂၀၁၃ မှာ အာဏာပိုင်တွေက တောင်သူတွေကို ၁ ဧကကို ၅ သိန်း ပေးခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညွန့်နဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ၊ နီကယ်သတ္တုတွင်း အမှတ် (၃) က ကိုယ်စားလှယ် ဦးသန်းထွန်းအောင်တို့ကလည်း မြေနီတွေ ထပ်မံကျရောက်ဖုံးလွှမ်းရင် နစ်နာကြေးပေးမယ်လို့ ကတိပြုခဲ့ကြပြီး ၂၀၁၃ ကနေ ၂၀၁၇ အတွင်း သီးနှံနစ်နာကြေး မရဘူးလို့ ဦးစိန်ဝင်းက ဆက်ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကို အင်းနက်ကျေးရွာကနေ တကောင်းနီကယ်စက်ရုံရှေ့ထိ လမ်းလျှောက် ဆန္ဒပြကြပြီး စက်ရုံရှေ့မှာ ဟောပြောပြီးနောက် စီတန်းလှည့်လှည်မှုကို အဆုံးသတ်ခဲ့ကြပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013