DVB Logo
Home
မြန်မာသတင်း
လာမတင်နဲ့ လွှတ်တော်မှာ မကြာခင် ဆုံးဖြတ်မယ်၊ ဒါ့ကြောင့်မို့ မင်း မတင်နဲ့ - ဦးဝင်းထိန် (ရုပ်သံ)
DVB
·
June 9, 2017
Donate to DVB


ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ပယ်ဖျက်ဖို့ လွှတ်တော်မှာ တင်သွင်း မေးမြန်းမယ့် ကိစ္စကို  အန်အယ်လ်ဒီ ပါတီစိစစ်ရေးအဖွဲ့က ဒုတိယအကြိမ် ပယ်ချလိုက်တယ်လို့  စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောပါတယ်။

အခုလို ထပ်မံပယ်ချခံရတာနဲ့ပတ်သက်ပြီး ဦးရဲထွဋ်က “ခဏဆိုင်းငံ့ထားပါတယ်။ ဒုတိယအကြိမ်။ ဆိုင်းငံ့တယ်လို့ ပြောတယ်။ တချိန်မှာလည်း ပြင်မယ်လို့တော့ တရားမဝင် ကြားတာပဲ” လို့ ပြောပါတယ်။

အခု ၆၆(ဃ)ပုဒ်မ ပြင်ဆင်ဖို့ မေးခွန်းတင်ရတာဟာ ပြင်ဆင်စရာအချက်တွေ ရှိတာကြောင့် ဖြစ်ပြီး စာပေလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် ရှိဖို့လိုတယ်လို့လည်း ပြောပါတယ်။

“ဒါကတော့ စာပေလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်ရှိဖို့ လိုတယ်လေ။ အဲဒီမှာ ပြင်ဆင်စရာ အချက်ကလေးတွေလည်း တချို့တွေ့ရလို့ပါပဲ။ အာမခံပေးတဲ့ ကိစ္စပေါ့။ အာမခံပေးဖို့ ဆိုရင်လည်း တပြေးညီဖြစ်သင့်တယ်။ နောက်ပြီး တရားစွဲဆိုတဲ့နေရာမှာ ကိုယ်စား တရားစွဲတာတို့ ဘာတို့ ဒါမျိုးလေးတွေ နည်းနည်းပြင်စေချင်တယ်။ အချက်တွေကတော့ အများကြီးရှိတာပေါ့” လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဦးရဲထွဋ်အနေနဲ့ ပုဒ်မ ၆၆(ဃ) ပြင်ဖို့ ပထမအကြိမ် မေးခွန်းတင်တုန်းကလည်း ပါတီစိစစ်ရေးအဖွဲ့က ပယ်ချခဲ့ပြီး အခု ဒုတိယအကြိမ် တင်သွင်းတာမှာလည်း ပယ်ချခံရတာပါ။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ သုံးသပ်တင်ပြချက်နဲ့ လွှတ်တော်မှာ မကြာခင်ဆွေးနွေးတော့မှာမို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်တင်ပြတဲ့ ၆၆(ဃ)ပြင်ဆင်၊ ပယ်ဖျက်ရေးအဆိုကို ပယ်ချတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“အဲဒါနဲ့ ပတ်သက်လို့ ကိုယ့်ကော်မရှင်မှာ အနုလုံ ပဋိလုံ ပြောစရာမကျန်လောက်အောင် ဆွေးနွေးပြီးပြီ။ အဲမှာ ကိုယ်ပါတယ်။ ဥက္ကဋ္ဌက သူရရွှေမန်းပေါ့။ ကိုယ် ပါတဲ့အတွက်ကြောင့် ဒီဟာကို လွှတ်တော်ပေးတဲ့ထဲမှာ ကိုယ့်ရဲ့သဘောတူညီချက်ပါတယ်။ ပါတဲ့ဟာကို အဲဒီတင်တဲ့သူက သိလို့သော် လည်းကောင်း၊ မသိလို့သော် လည်းကောင်း လာတင်တဲ့အခါမှာ လာမတင်နဲ့ လွှတ်တော်မှာ မကြာခင်ဆုံးဖြတ်တော့မယ်။ ဒါ့ကြောင့်မို့ မင်းမတင်နဲ့”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဟာ ၆၆(ဃ) ပြင်ဆင်ဖျက်သိမ်းဖို့ အစီအစဉ်ရှိ မရှိမေးခွန်း လွှတ်တော်မှာ မေးမြန်းဖို့ ဒုတိယအကြိမ်တင်သွင်းတဲ့အပေါ် အန်အယ်လ်ဒီပါတီ စိစစ်ဆေးရေးအဖွဲ့က ထမ်မံဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ၆၆ (ဃ) ပုဒ်မနဲ့ တရာစွဲအရေးယူနေတာကို ကန့်ကွက်တဲ့အနေနဲ့  မီဒီယာသမားတွေစုပေါင်းပြီး သတင်းလွတ်လပ်ခွင့်အတွက် လက်ပတ်ဖြူလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

သတင်း- နေဖြိုးဝင်း၊ အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013