DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် လမ်းတံတားပြုပြင်တည်ဆောက်ရေးအတွက် ကျပ်သန်း ၄၀၀၀ ကျော် သုံးမည်
DVB
·
June 9, 2017
Donate to DVB

ကလေးမြို့နယ် လမ်းဦးစီးဌာန ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတားပြုပြင်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ငွေကျပ် သန်းပေါင်း ၄၀၀၀ ကျော် အသုံးပြုပြီး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ လမ်းဦးစီးဌာနက ပြောပါတယ်။

"ဒီနှစ် ဘဏ္ဍာရေးနှစ်မှာတော့ ငွေကျပ်သန်းပေါင်း ၄ ထောင်ကျော် ဘတ်ဂျက်စီမံထားပါတယ်။ အဲ့ဒီဘတ်ဂျက်နဲ့ အဝေးပြေးလမ်းမကြီးတွေ ဖြစ်တဲ့ ကလေး-ဂန့်ဂေါ-တမူး-မော်လိုက် လမ်းပိုင်းတွေအတွက် နိုင်လွန်ကတ္တရာခင်းခြင်း၊ လမ်းသားချဲ့ခြင်းနဲ့ တံတားဆောက်လုပ်မှုတွေကိုပါ ပြုလုပ်ဆောင်ရွက်သွားမယ့်အပြင် နယ်တွင်းကျေးရွာချင်း ဆက်ထားတဲ့ အဓိကလမ်းများအတွက်ပါ အသုံးပြုမယ်" လို့ လမ်းဦးစီးဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဘတ်ဂျက် သန်း ၄ ထောင်ကျော်နဲ့ လမ်းတံတားလုပ်ငန်းတွေအပြင် မြစ်ကမ်းပါး ထိန်းသိမ်းခြင်းလုပ်ငန်းနဲ့ ဝန်ထမ်းအိမ်ရာ ပြင်ဆင်ခြင်းတွေပါ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ဘတ်ဂျက် သန်း ၄ ထောင်ကျော်မှာ ပြည်ထောင်စု ရန်ပုံငွေ ၂၃၆၆ ဒသမ ၂၄၈ သန်း၊ အထူးပြင်ဆင်ထိန်းသိမ်းခြင်းအတွက် တိုင်းဒေသကြီး ရန်ပုံငွေ ၁၈၃၈ ဒသမ ၄၈၇ သန်း စုစုပေါင်း ၄၂၀၄ ဒသမ ၇၃၅ သန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

“ကလေးမြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက် အရောင်းအဝယ် အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်တယ်။ အဲဒီအတွက် ဆက်သွယ်ရေးလမ်းတွေ ကောင်းမွန်ဖို့ လိုအပ်တဲ့အတွက် လမ်းတံတားလုပ်ငန်းကို ဘတ်ဂျက်အများအပြားနဲ့ အစိုးရက ဆောင်ရွက်နေတာ တွေ့ရတယ်။ ဒါပေမယ့် ကလေး-ဂန့်ဂေါလမ်းပိုင်းဟာ ကတ္တရာလမ်းသား ကျဉ်းပြီး လမ်းမခုံးတွေ ဖြစ်နေတာကြောင့် အန္တရာယ်ရှိတယ်။ ဒါကို သူတို့ ဘယ်လို စီစဉ်ထားလဲ သိချင်တယ်” လို့ ကလေးမြို့ခံ တဦးက ဆိုပါတယ်။

ကလေးမြို့နယ် လမ်းဦးစီးဌာနအနေနဲ့ အခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် လက်ရှိ ဘတ်ဂျက်လုပ်ငန်းစဉ်ထဲမှာတော့ ကလေး-ဂန့်ဂေါ လမ်းပိုင်းအချို့နေရာတွေမှာ လမ်းသားချဲ့ခြင်း လုပ်ငန်းတွေ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ပါရှိနေတာ တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိ ဘတ်ဂျက်အပြင် ကလေးအနောက်ခြမ်း တာဟန်းရပ်ကွက် လမ်းပိုင်း လမ်းဘေးမြောင်း တူးဖော်ရေးလုပ်ငန်းအတွက်လည်း ထပ်ပြီး ဘတ်ဂျက်တင်ထားတာ ရှိသေးကြောင်းလည်း လမ်းဦးစီးဌာနက သိရပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာရေးဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့်လုပ်ငန်းတွေကတော့ လမ်းပိုင်းလုပ်ငန်း ၁၉ ခုနဲ့ တံတားလုပ်ငန်း ၅ ခု၊ စုစုပေါင်း ၂၄ ခုကို ငွေကျပ် သန်းပေါင်း ၄၂၀၄ ဒသမ ၇၃၅ သန်းနဲ့ ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013