DVB Logo
Home
မြန်မာသတင်း
နှစ် ၉၀ ဂရန်နှင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သည့် ဘားအံမြို့မဘောလုံးကွင်းကို ပြန်ပေးအပ်မည်
DVB
·
June 9, 2017
Donate to DVB

နှစ် ၉၀ ဂရန်နဲ့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့တဲ့ ဘားအံမြို့၊ သမိုင်းဝင် မြို့မဘောလုံးကွင်းကို မြို့ခံပြည်သူတွေရဲ့ ပြန်လည်တင်ပြတောင်းဆိုမှုကြောင့် ပြန်လည်ပေးအပ်မယ်လို့ ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ (ဗမာတိုင်းရင်းသားရေးရာဝန်ကြီင်္း) ဦးတေဇလှိုင်ထွဋ်က ပြောပါတယ်။

ဇွန် ၇ ရက် မနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ငွေမိုးကုမ္ပဏီတာဝန်ရှိသူတွေ သမိုင်းဝင်၊ ဘားအံမြို့မ ဘောလုံးကွင်း မြို့ခံပြည်သူတွေလက်ဝယ် ပြန်လည်ပေးအပ်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးတာဝန်ခံ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇလှိုင်ထွဋ်က “ပြည်နယ်အစိုးရ၊ အတွင်းရေးမှူးက ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာကော လက်ရှိအစိုးရသစ် လက်ထက်မှာကော အထောက်အထားတွေအားလုံးကို ဒီတလအတွင်းမှာ ပြန်လည်စိစစ်ပေးပြီးတော့ ဒီတလအတွင်းမှာပဲ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပေးထားလို့ ဒီနေ့ ပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ သတင်း ဖြစ်တယ်။ ဒီလို လုပ်ပေးတဲ့နေရာမှာလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့တွေ့ရှိချက် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အချက်အလက် အခိုင်အမာကို ကျကျနနနဲ့ သေသေချာချာ ပြောပြ သွားတာကိုလည်း သက်ဆိုင်ရာ ငွေမိုးကုမ္ပဏီကလည်း အားလုံးကို လက်ခံပြီး အစိုးရ အဖွဲ့ရဲ့ လမ်းညွှန်မှု ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပါမယ်လို့ သဘောတူသွားတယ်”လို့ ပြောပါတယ်။

အဆိုပါ မြို့မဘောလုံးကွင်းကို ၂၀၀၀ ပြည့်နှစ်က ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခင်စိုး နဝတ လက်ထက်မှာ မြဌေးကြွယ်လင်းကုမ္ပဏီကို နှစ် ၉၀ ဂရန်နဲ့ လုပ်ပိုင်ခွင့် ချထားပေးခဲ့ပေမယ့် ဘောလုံးကွင်းမြေနေရာကို အဆင့်ဆင့် လွှဲပြောင်းရောင်းချခဲ့ရာမှာ ဦးမိုးကျော်(ငွေမိုးကုမ္ပဏီ)က ဟိုတယ်တည်ဆောက်ဖို့ နောက်ဆုံးဝယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ် အဆောက်အဦ တည်ဆောက်ချိန်မှာ မြို့ခံပြည်သူတွေက ဘောလုံးကွင်းမြေနေရာ ပြန်လည် ရရှိရေး စဉ်ဆက်မပြတ် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သမိုင်းဝင် ဘားအံမြို့မဘောလုံးကွင်း ပြန်လည်ရရှိရေး ကြိုးပမ်းမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ရွှေက “မြို့မဘောလုံးကွင်းကို ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်အတိုင်း ပြည်သူလက်ဝယ်ကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့မယ်ဆိုရင်တော့ ကရင်ပြည်နယ်သူ ပြည်နယ်သားနဲ့တကွ နိုင်ငံသူ နိုင်ငံသား အပါအဝင် အားကစားကို ချစ်မြတ်နိုးကြတဲ့သူတွေ ယဉ်ကျေးမှု အမွေအနှစ်နဲ့ သမိုင်းအမွေအနှစ်ကို ချစ်မြတ်နိုးတဲ့သူတွေ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ဆိုသလိုပဲ အထူးကို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ အစိုးရသစ်ကိုလည်း ကျေးဇူးတင်မဆုံး ဖြစ်မှာပါ”လို့ ပြောပါတယ်။

အဆိုပါဘောလုံးကွင်းကို မြို့ခံပြည်သူတွေ ကန့်ကွက်ခဲ့တဲ့အတွက် အဆောက်အဦ ဆောက်လုပ်မှုကို ၂၀၁၃ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရပြီး ကုမ္ပဏီက ကုန်ကျငွေစုစုပေါင်း ကျပ်သိန်း ၄၅၀၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013