
ထားဝယ်ကမ်းရိုးတမ်းမှာ ပျောက်ဆုံးသွားတဲ့ Y-8 တပ်မတော်လေယာဉ်ကို စစ်ရေယာဉ်တွေနဲ့ ဒေသခံငါးဖမ်းစက်လှေတွေ ပူးပေါင်း ရှာဖွေကယ်ဆယ်နေရာမှာ ဒီနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့် အထိ ရုပ်အလောင်း ၂၉ လောင်းရှာဖွေတွေ့ရှိတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲမှာ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်းပါဝင်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ အရာရှိ၊ စစ်သည်မိသားစုဝင်တွေနဲ့ ကျန်ရစ်ခဲ့တဲ့ တပ်မတော်သားမိသားစုဝင်တွေကို ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ စစ်ဦးစီးအရာရှိချုပ် (ရေ)၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့က ဒီနေ့ မွန်းလွဲပိုင်းက မြိတ်မြို့၊ မြိတ်လေတပ်စခန်းဌာနချုပ် မောတောင်ခန်းမှာ တွေ့ဆုံအားပေးခဲ့တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကျန်ရစ်သူ မိသားစုဝင်တွေအတွက် စစ်ရေးချုပ်ရုံးက ထောက်ပံ့ငွေ (၅)သိန်း၊ တိုင်းစစ်ဌာနချုပ်က ထောက်ပံ့ငွေ (၂)သိန်း၊ စုစုပေါင်း တစ်ဦးလျှင် (၇) သိန်းကျပ်စီ ကနဦးအနေဖြင့် ထောက်ပံ့ပေးအပ်ထားတယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးကလည်း ထောက်ပံ့ငွေ ကျပ် ၃၆၆ သိန်းကို ကာကွယ်ရေးဝန်ကြီးဌာန ထံသို့ ပေးအပ်ခဲ့ပါတယ်။











