DVB Logo
Home
မြန်မာသတင်း
သာစည်တွင် လေပြင်းတိုက်မှုကြောင့် အိမ် ၁၇ လုံး ပျက်စီး၊ နွား ၂ ကောင် မိုးကြိုးပစ်ခံရပြီး သေဆုံး
DVB
·
June 8, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ကပ်ကျေးအင်းရွာ၊ ကျီတိုင်ကုန်းရွာ သမင်ဇာကုန်းရွာတို့မှာ ဇွန် ၇ ရက် မနက် ၁ နာရီခွဲလောက်က မိုးသက်လေပြင်းများကြောင့် အိမ် ၁၇ လုံး အမိုးလန် အကာပျက်များ ဖြစ်ခဲ့ပြီး သမင်ဇာကုန်းရွာက ခိုင်းနွားအထီး ၂ ကောင် မိုးကြိုးပစ် သေဆုံးသွားတယ်လို့ သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇင်က “ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချရေး ဌာနကို အထွေထွေအုပ်ချုပ်ရေးက ပျက်စီးဆုံးရှုံးမှုစာရင်း ပို့ထားတယ်လို့ သိရတယ်။ ဌာနဆိုင်ရာတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတို့ လိုအပ်တာ ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

သာစည်မြို့နယ်နေသူ ကိုထက်မင်းက “မိုးရော လေရော အတော်ကြမ်းတယ်။ သမင်ဇာကုန်းရွာ ဦးတင်ငွေအိမ် နွားတင်းကုပ်ထဲ ချီထားတဲ့ ခိုင်းနွားအထီး နှစ်ကောင် မိုးကြိုးစက်ကွင်း မိသွားတယ်။ နွားတွေရဲ့ ဘေးနားအိပ်နေသူတွေတော့ အိပ်နေတာမို့ ထင်တယ် စက်ကွင်းလွတ်သွားတယ်” လို့ ပြောပါတယ်။

သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ကျဝန်ထမ်းက “ကပ်ကျေးအင်းရွာ မှာ အမိုးလန် အကာပျက် ၁၁ လုံး ဖြစ်တယ်။ ကျီတိုင်ကုန်းရွာက ၆ လုံး ပျက်တယ်။ အမိုးလန် အကာပျက်လောက်ဆိုတော့ နေလို့ဖြစ်အောင် လုပ်ပြီး သူတို့ အိမ်တွေမှာပဲ ပြန်နေကြတယ်။ သမင်ဇာကုန်းက နွား နှစ်ကောင် မိုးကြိုးစက်ကွင်း ထိသွားတယ်။ ဆုံးရှုံးမှုတန်ဖိုးပေါင်း ၂၁ သိန်းကျော်လောက် မှန်းထားတယ်” လို့ ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနမှ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် မြန်မာပြည် အလယ်ပိုင်း လေပြင်းနဲ့ ထစ်ချုန်းမိုးများ ရွာနိုင်ကြောင်း ထုတ်ပြန် သတိပေးထားတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013