DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုနေ့ အခမ်းအနား ပူးပေါင်းကျင်းပ
DVB
·
February 12, 2012
ပြည်ထောင်စုနေ့ အခမ်းအနား ပူးပေါင်းကျင်းပ
Donate to DVB

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ကို နိုင်ငံရေးပါတီတွေ၊ အစိုးရ အဖွဲ့အစည်းတွေလည်း နိုင်ငံတ၀န်း ကျင်းပကြပါတယ်။

[caption id="attachment_21117" align="alignleft" width="300" caption="အ​ဖွဲ့​ချုပ်​ရုံး​တွင်​ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ ​မိန့်​ခွန်း​​ ​ပြောကြားနေစဉ်"][/caption]

ရန်ကုန် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခမ်း​မမှာလည်း​ ​ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ၀ါရင့် နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက်ကျောင်းသား၊ အန်အယ်ဒီပါတီဝင်တွေအပါအ၀င် လူထုထောင်ကျော် တက်ရောက်ခဲ့ကြတယ်လို့ အဖွဲ့ချုပ်အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီအခမ်းအနားအတွင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာ စစ်မှန်တဲ့ပြည်ထောင်စုတခုကို တည်ထောင်ဖို့ ပင်လုံစာချုပ်ရဲ့ စိတ်ဓာတ် ပင်လုံစာချုပ်ပေါ်မှာ အခြေခံရမယ်လို့ ပြောပါတယ်။

“ကျမတို့က စစ်မှန်တဲ့ပြည်ထောင်စုတခုကို စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓာတ်အပေါ်မှာ အခြေခံပြီး ထူထောင်မယ်လို့ ပြောတာဟာ စိတ်ကူးယဉ် အိပ်မက်မဟုတ်ပါဘူး။ လက်တွေ့ကျကျ လုပ်နိုင်ကိုင်နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ကာလတုန်းကလည်း ထိုနည်းလည်းကောင်းပါ။ ပင်လုံစာချုပ်ကိုပဲ အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးကြားထဲမှာ ယုံကြည်စိတ်ချမှု၊ တဦးပေါ် တဦးလေးစားမှု၊ တဦးပေါ်တဦး ယုံကြည်မှု၊ တဦးပေါ်တဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိလည်း တိုင်းရင်းသားများက နောင်စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတခုကို ထူထောင်ဖို့ဆိုတာက ပင်လုံစာချုပ်ရဲ့ စိတ်ဓာတ်၊ ပင်လုံစာချုပ်အပေါ်မှာအခြေခံရမယ်၊ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ထင်ပါတယ်။ ကျမတို့ ရှေ့ဆက်သွားရမယ့် ခရီးဟာ လွယ်မယ်လို့ မပြောချင်ဘူး။ ဒီမိုကရေစီနိုင်ငံတခု ထူထောင်ဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ ဒီအပြင် ဒီမိုကရေစီ ပြည်ထောင်စုတခု ထူထောင်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒီလိုခက်ခဲတဲ့ ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါမှာ တကယ့်ကို စိတ်ချယုံကြည်ရတဲ့ မဟာမိတ်ကောင်းတွေ လိုတယ်ဆိုတာ ထူးထူးထွေထွေ ရှင်းပြမနေချင်ပါဘူး။ ဒီလိုမဟာမိတ်ကောင်းတွေက ကျမတို့ရဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေပဲ ဖြစ်တယ်ဆိုတာ ကျမတို့ ယုံကြည်ရုံတင်မက လက်တွေ့ကျကျ သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပြည်ထောင်စုနေ့မှာ ပြန်ပြီးတော့ စဉ်းစားရမယ်။ ဒီနိုင်ငံက ဘယ်သူ့နိုင်ငံလဲ၊ ဒါကျမတို့ တိုင်းရင်းသား အာလုံးရဲ့ နိုင်ငံဖြစ်တယ်။”

အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားများက ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားခဲ့သလို တိုင်းရင်သားများ ရန်ပုံငွေဂီတပွဲက ရရှိတဲ့အလှူငွေတွေကို ပြည်နယ်နှင့်တိုင်း ၉ ခုကို ဘယ်လို ခွဲဝေ ဖြန့်ဖြူးပေးခဲ့တယ် ဆိုတာကိုလည်း ကြေညာခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ အရင်နှစ်ကနဲ့မတူဘဲ တိုင်းရင်းသားအဖွဲ့တွေက သူတို့ရဲ့ ရိုးရာဝတ်စုံတွေနဲ့အတူ စည်းကားတက်ကြွစွာ တက်ရောက်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့တွေကို သူ့မရဲ့နေအိမ်မှာ ဖိတ်ကြားပြီး ညစာစားပွဲ ပြုလုပ်ခဲ့ပါတယ်။

အဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမမှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပကြသလိုပဲ နေခင်းပိုင်းမှာ တိုင်းရင်းသားညီနောင်ပါတီ ၆ ပါတီကလည်း M3 စားသောက်ဆိုင်မှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနားအတွင်း ပါတီ ၆ ခုက ခေါင်းဆောင်တွေ မိန့်ခွန်း ပြောကြားခဲ့ပြီးတော့ နောက်ပိုင်း တိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

အခမ်းအနား ကျင်းပတာနဲ့ ပတ်သက်ပြီး  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစောသန်းမြင့်က ခုလို ပြောပါတယ်။

“ပြည်ထောင်စုနေ့က ပြောရရင်တော့ အရင်နှစ်ပေါင်းများစွာက လုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့တွေက စစ်မှန်တဲ့ ပြည်ထောင်စုနေ့ အသွင်အပြင် သိပ်မရှိခဲ့ဘူး။ အခုမှ နိုင်ငံရေး အလှည့်အပြောင်းမှာ စစ်မှန်တဲ့ ပြည်ထောင်စုနေ့ကို ဒီနေ့မှပဲ အစပျိုး လုပ်ဆောင်နိုင်တဲ့ အနေအထားမှာပဲ ရှိတယ်လေ။ ဒါတောင်မှ တော်တော်များများ ကြိုးစားရမှာပေါ့။ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ရေးအတွက်ကို အများကြီး ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူလူထုတွေကော၊ ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ပေါ်အောင် ဒီနေ့က စပြီးတော့ နဂိုထက်ကို အဆပေါင်းများစွာ ကြိုးစားဆောင်ရွက်သွားမယ်။ အဲဒီပုံစံနဲ့ အခမ်းအနားကို စုပေါင်းကျင်းပတာ ဖြစ်တယ်။”

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်တဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အခမ်းအနားအတွင်း ပြောတဲ့ သမ္မတသ၀ဏ်လွှာကို အားရကျေနပ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီတခါတော့ မှတ်မှတ်ရရပြောရရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဇောင်းပေးပြောသွားတာ ရှိတယ်။ အဲဒါတော့ အင်မတန်ကောင်းပါတယ်။ ကျနော်တို့နိုင်ငံရဲ့ သွားရာလမ်းက ဒီမိုကရေစီစနစ်ပဲ သွားရမယ်ဆိုတာ၊ ဒီမိုကရေစီစနစ်ကို သွားနိုင်ဖို့အတွက် ထားသင့်ထားထိုက်တဲ့ သဘောထားတွေ သ၀ဏ်လွှာထဲမှာ အဲဒီအချက်တွေကတော့ တော်တော်ကောင်းပါတယ်။”

ဒီမိုကရစီမိတ်ဆွေ ၁၀ ပါတီကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး အပါအ၀င် နေရာအတော်များများမှာ ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013