DVB Logo
Home
သုံးသပျခကျြ
တိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံညီလာခံအပေါ် သုံးသပ်ချက်
DVB
·
February 12, 2012
တိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံညီလာခံအပေါ် သုံးသပ်ချက်
Donate to DVB

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ  ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ​ ​မြန်မာနိုင်ငံလွတ်လပ်ရေး အတူတူ ရယူဖို့၊ လွတ်လပ်ရေးရပြီးလို့ ဆယ်နှစ်ကြာရင် ခွဲထွက်လိုက ခွဲထွက်နိုင်တယ်လို့​ ​တောင်တန်းပြည်မ ပူးပေါင်းစာချုပ် ချုပ်ဆိုပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့်  ဆယ်နှစ်ကျော်ကြာလာတဲ့အခါ အာဏာရအစိုးရတွေရဲ့ အုပ်ချုပ်ရေးဟာ တန်းတူညီမျှမှုမရှိတာ၊ ခွဲခြားအုပ်ချုပ်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံရတာ၊ ပင်လုံစာချုပ်ပါ ကတိက၀တ်တွေကို အစိုးရက ဖောက်ဖျက်တာ ခံစားရတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပေါ်ပေါက်ခဲ့ပြီး ပြည်တွင်းစစ်တွေ ဖြစ်ပွားခဲ့ရပါတယ်။

၂၀၁၁  ခုနှစ်မှာ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်လာခဲ့တယ်။ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရပြီးရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီအဖွဲ့၊ အစိုးရကိုယ်စားလှယ်အဖွဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါ အားလုံး ပါဝင်တဲ့ ပင်လုံညီလာခံနဲ့ တူတဲ့ ညီလာခံကြီးကို နေပြည်တော်မှာ ကျင်းပမယ်လို့ အစိုးရဘက်က   ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ လက်လှမ်းမီသမျှ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အမြင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးပူကျင့်ရှင်းထန် (ဇိုမီးချင်းအမျိုးသားကွန်ဂရက်-ဥက္ကဋ္ဌ)

“သဘောတူတဲ့အတိုင်း မဖြစ်လာသေးလို့ မပြီးပြတ်တဲ့ သဘောတူညီမှုလို ဖြစ်နေတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ သေနတ်သံတွေမစဲပဲ ဖြစ်နေတာတွေကို တိတ်အောင် ကျနော်တို့ ဒီကိစ္စကို အစသဘောတူတဲ့အတိုင်း ပြန်လည်ဖြေကြား ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်ရအောင်ဆိုပြီးတော့ ၂၀၁၁ ညီလာခံမှာ ကြေညာထားထာပါ။ ကျနော်တို့ထက် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီးတော့ ဆောင်ရွက်ပါဆိုတာ သူ့လက်ထဲကို ကျနော်ကိုယ်တိုင်အပ်ပြီးတော့ လုပ်ထားတာပါ။ ဒါမှတပါး ကျန်တဲ့ဥစ္စာ ဘာမှမရှိပါဘူး ဆိုတာ အခုထိ ကျနော်တို့ အဲလိုပဲ ခံယူနေတာပါ။”

ဦးခွန်ထွန်းဦး (ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)

“ပွင့်ပွင့်လင်းလင်းပြောရင် ဒုတိယအကြိမ်မကလို့ ဘယ်နှကြိမ်ပဲခေါ်ခေါ် လွတ်လပ်ခြင်းရဲ့ အနှစ်သာရကတော့ ပေါ်လွင်ဖို့အရေးကြီးတယ်။ အဓိကတော့ ရိုးသားဖြူစင်ဖို့ပဲ။ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ အနာသိဆေးရှိ ဖြစ်စေချင်တယ်။ အခြေခံဥပဒေအရ တိုင်းရင်းသားတွေအားလုံး ရချင်တဲ့အခြေခံဥပဒေမျိုး ပြုလုပ်တာ ရေးကိုရေးရမယ်။ မရေးလို့ကို မဖြစ်ဘူး။”

ပဒိုဒေးဗစ်သာကပေါ (ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ)

“ညီလာခံလုပ်မယ်လို့ တဖွဖွ ပြောနေတာပဲ။ ကျနော်တို့နဲ့တွေ့တဲ့ ၀န်ကြီးကတော့၊ လုပ်ပြီးတော့ အခြေခံဥပဒေ ပြောင်းစရာရှိလည်း ပြောင်းပေါ့။ အခြေခံဥပဒေ ပြောင်းဖို့က ၇၅ ရာခိုင်နှုန်းကျော်ရမယ်။ နောက်ပြီး ကျနော်တို့ ကိုယ်စားပြုတဲ့ ပါလီမန်မှာ အမတ်တွေမှမရှိဘဲ။ ဒါပေမယ့် ကျနော်တို့က လုပ်ကြည့်ရမှာပေါ့။ ငြိမ်းချမ်းရေးအတွက်က တွန်းကြည့်ရမှာပေါ့။ ကျနော်တို့က လိုချင်တာက တိုတိုလိုရင်းပြောရရင် စစ်မှန်တဲ့ပြည်ထောင်စုပေါ့။ အတုအယောင် ပြည်ထောင်စု၊ နာမည်ခံပြည်ထောင်စု မဟုတ်ဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ကျနော်တို့က တိုက်ပွဲဆက်ဝင်ရမှာပဲ။ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်လာရင်တော့ တကယ့်ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်လာမှာ။”

ခူးဦးရယ် (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - အထွေထွေအတွင်းရေးမှူး)

“သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရက ပင်လုံညီလာခံတဲ့၊ ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့၊ ညီလာခံမျိုး ဖြစ်ပေါ်ဖို့ သူတို့က လေသံထွက်နေတာ ဆိုတော့ ကျနော်တို့က သူတို့ရဲ့ လိုချင်တဲ့ပုံသဏ္ဌာန်အတိုင်းပဲ သွားဖို့များပါတယ်။ ကျနော်တို့မြင်ချင်တဲ့ ဒုတိယ ပင်လုံညီလာခံမျိုး ဖြစ်ချင်မှဖြစ်မှာပါ။ ကျနော်တို့ ဖြစ်ချင်တာကတော့ ကိုယ်စားပြုတဲ့ အနေအထားရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားပြု ဆွေးနွေးနိုင်တဲ့ ညီလာခံမျိုးကို လိုချင်တာပါ။ ကိုယ်စားပြုမှုအရဆိုတာ လူမျိုးအရကော၊ ပထ၀ီအနေအထားအရ၊ ပြည်နယ် အနေအထားအရ၊ သမိုင်းကြောင်းအရ အခြေခံရှိတဲ့ အနေအထားမျိုးနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အစုအဖွဲ့တွေ ပါဝင်နိုင်တဲ့၊ ဆွေးနွေးပိုင်ခွင့်ရှိတဲ့ ကိုယ်စားပြုမှုမျိုး ပါဝင်တဲ့ ညီလာခံမျိုးကို ဆိုလိုတာပါ။”

နိုင်ငွေသိန်း (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ - ဥက္ကဋ္ဌ)

“ပင်လုံအပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုကို လိုချင်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ပင်လုံအခြေခံကတော့ တန်းတူအရေး၊ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်ပါတယ်။ ဒါပေမယ့် တခါမှလည်း မရခဲ့ဘူးလေ။ ဒီလိုခေါ်မယ်ဆိုရင် အားရ၀မ်းသာနဲ့ ကြိုဆိုမှာပဲ။”

ဦးသာဘန်း (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ)

“တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ပြည်ထောင်စု ရရေးအတွက် ဒုတိယ ပင်လုံပဲခေါ်ခေါ်၊ သူတို့ကျင်းပမယ့် ပင်လုံထက်ကျယ်ပြန့်တဲ့ ညီလာခံပဲခေါ်ခေါ် ကျနော်တို့ တိုင်းရင်းသားတွေက ဒီနေ့အချိန်မှာ ခွဲထွက်ရေးကို ပြောနေတာ မဟုတ်ပါဘူး။ ပြည်ထောင်စု အတွင်းမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကို ဆွေးနွေးကြမယ်။ ကျယ်ပြန့်စွာ ညှိနှိုင်းပြီးတော့ ရင်ထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒါပေမယ့် ကောက်ကျစ်တဲ့ပုံစံနဲ့ လုပ်တယ်ဆိုရင်တော့ ကန့်ကွက်တယ်။”

ဗိုလ်မှူးကြီး ဂျိမ်း(စ်)လွမ်ဒေါင် (ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု-နိုင်ငံခြားရေးတာဝန်ခံ )

“ယုံကြည်ပါတယ်။ လွန်ခဲ့တဲ့အချိန်မှာ ကျနော်တို့အချင်းချင်း ဘယ်တော့မှ လက်တွေ့မကျတဲ့ကိစ္စ၊ ကျနော်တို့ခေါင်းဆောင်တွေက ပြောတဲ့အတိုင်း လုပ်တော့မှ အဲဒါ လက်တွေ့ကျလာပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ထည်ထည်ဝါ၀ါ တခြားတိုင်းပြည်လို ကျနော်တို့ နေရဖို့က အချိန်ရောက်ပါပြီ။ အဲဒါကြောင့် ကျနော်တို့အားလုံးလည်း အဲဒါကို ဆန္ဒပြုရင်းနဲ့ ဆုတောင်းမေတ္တာ ၀ိုင်းပို့ရအောင် ဆော်ဩချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013