
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ စစ်အာဏာရှင်တပ်က မက်လုံးပေး ဖိတ်ခေါ်မှုကြောင့် နေရပ်ပြန်လာကြတဲ့ ဒေသခံပြည်သူ ရာနဲ့ချီဟာ အိမ်ကိုပြန်ခွင့်မရဘဲ စစ်တပ်က သတ်မှတ်ထားတဲ့ နေရာတွေမှာ အကျယ်ချုပ်သဘောမျိုး ထိန်းချုပ်ခံနေရပါတယ်။
၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ရှောင်နေကြရတဲ့ မိုးဗြဲဒေသခံတွေဟာ စစ်ရှောင်စခန်းတွေမှာ ဝင်ငွေမရှိတာနဲ့ စားနပ်ရိက္ခာ ပြတ်လပ်တဲ့ဒဏ်တွေကို ခံခဲ့ကြရပါတယ်။
၂၀၂၅ ဇူလိုင်လမှာ စစ်တပ်က မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ရွေးကောက်ပွဲလုပ်ဖို့အတွက် စစ်ရှောင်တွေကို နေရပ်ပြန်လာဖို့ မက်လုံးပေး ခေါ်ယူခဲ့တာကြောင့် လူဦးရေ ရာနဲ့ချီတဲ့ စစ်ရှောင်မိသားစုတွေဟာ ဇန်နဝါရီလကစလို့ မိုးဗြဲမြို့ပေါ်ကို ပြန်လည်ဝင်ရောက်ခဲ့ကြတာပါ။
ဒါပေမဲ့ အဲဒီလို နေရပ်ပြန်လာသူတွေကို သူတို့ပိုင်ဆိုင်တဲ့ နေအိမ်တွေမှာ ပေးမနေဘဲ ခမရ ၄၂၂ တပ်ရင်းနားက သာသနလင်္ကာရ ဘုန်းကြီးကျောင်းမှာ အခုထိ ကန့်သတ်ထားဆဲဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
မိုးဗြဲ စစ်ရေးရင်းမြစ်တယောက်က “ကိုယ့်အိမ်ကို ပြန်လာလို့ရတယ်ဆိုလို့။ အဲလိုမျိုးတော့ သူတို့ ပြန်လာနေတယ်။ ကိုယ့်တောင်ယာကို ပြန်လာလုပ်ပေါ့နော်၊ ကိုယ့်လယ်ယာကို ပြန်လာလုပ်ပေါ့နော် အဲဒီလိုမျိုးပေါ့။ အဲဒီလိုမျိုး ပြန်လုပ်ချင်လို့ သူတို့ပြန်လာတာ၊ ဒါပေမဲ့ မိုးဗြဲကို ပြန်ရောက်တော့ သူတို့ကို အပြင်မထွက်ခိုင်းတော့ဘူးလေ။ အဲဒီလိုမျိုး ဖြစ်သွားတာ။ သူတို့ ဒီဘက် ပြန်လာချင်လည်း မရတော့ဘူး၊ ဟိုဘက်မှာပဲ ဆက်နေနေရတာပေါ့နော်” လို့ ပြောပါတယ်။
စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ မိုးဗြဲကို ပြန်သွားတဲ့ စစ်ရှောင်တွေဟာ ကိုယ့်အိမ်မှာ ပြန်နေပြီး ကိုယ်ပိုင်လယ်ယာတွေကို ပြန်ထွန်ယက် စားသောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြန်သွားကြတာပါ။
ဒါပေမဲ့ အဲဒီသူတွေကို ဘုန်းကြီးကျောင်းထဲကနေ အပြင်ပေးမထွက်ဘဲ လိုအပ်တဲ့ စားနပ်ရိက္ခာကိုတော့ ဖယ်ခုံမြို့ပေါ်မှာ စစ်တပ်က အကန့်အသတ်နဲ့ သွားဝယ်ပေးတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်ကတော့ စစ်တပ်က နေရပ်ပြန်သူတွေကို လနဲ့ချီ ထိန်းချုပ်ထားပြီး အချက်အလက်တွေ စစ်မေးနေတာလို့ ပြောပါတယ်။
“ပြန်လာတဲ့သူတွေကို သူက နေရာတွေခွဲပြီးတော့မှ သူတို့ခေါ်တာ Quarantine ပုံစံမျိုးပေါ့၊ ၃ လပြည့်အောင် နေခိုင်းတာ။ အခုနောက်ပိုင်း တပတ် ၂ ပတ်။ တချို့ တလအထိ နေခိုင်းတာ ရှိတယ်။ ပြီးတော့မှ အချက်အလက်တွေ စုပြီးတော့ ကောက်တဲ့ဟာမျိုးပေါ့။ အဲလိုမျိုးလုပ်တယ်လို့ ကျနော်တို့ သိထားတယ်။”
မိုးဗြဲမြို့ထဲမှာ စစ်တပ်က အကျယ်ချုပ်ပုံစံမျိုး ထားထားတဲ့ ဒေသခံတွေရဲ့ စာရင်းအတိအကျကို DVB က စုံစမ်းနေပေမဲ့ လက်ရှိတိုက်ပွဲတွေကြောင့် အတိအကျ မသိရသေးပါဘူး။
ဒေသခံစစ်ရေးရင်းမြစ်နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့ရဲ့ ပြောကြားချက်အရ အယောက် ၁၀၀ ကနေ ၂၀၀ ကြား ရှိနိုင်မယ်လို့ ခန့်မှန်ထားကြပါတယ်။
လက်ရှိ ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲ လမ်းမကြီးတလျှောက် တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက် အထိအခိုက် ကျဆုံးမှုတွေလည်း ရှိနေပါတယ်။










