DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး လေယာဉ်လိုပျံတက်မည်ဟု ဝန်ကြီးပြောဆိုချက် စီးပွားရေးသမားများဝေဖန် (ရုပ်သံ)
DVB
·
June 7, 2017
မြန်မာ့စီးပွားရေး လေယာဉ်လိုပျံတက်မည်ဟု ဝန်ကြီးပြောဆိုချက် စီးပွားရေးသမားများဝေဖန် (ရုပ်သံ)
Donate to DVB



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့တဲ့ မြန်မာ့စီးပွားရေး လေယာဉ်လို ပျံတက်တော့မယ်ဆိုတဲ့ စကားဟာ စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။

၂၀၁၇ မှာ မြန်မာ့စီးပွားရေးဟာ ဂျက်လေယာဉ်ကြီးလို တရှိန်ထိုး ပျံတက်တော့မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဇွန်လ ၆ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောဆိုလိုက်တာပါ။

“ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ခံယူထားတဲ့ ခံယူချက်တခု ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တနှစ်တာကာလမှာ လေယာဉ်တစီးအနေနဲ့ Run Way (ပြေးလမ်း) မှာပြေးတဲ့ အချိန်ကာလလို့ သတ်မှတ်တယ်။ ဒါပေမယ့် ဒီနေ့ ဒီကာလကတော့ Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင်တုံ့ပြန်ပြီးတော့ ဂျက်ပါဝါနဲ့ လေထဲကိုပြေးတဲ့ နှစ်ကာလလို့ သတ်မှတ်ထားတာပါ” လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

ရှိတဲ့အစွမ်းအစနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီးတော့ စီးပွားရေးထောင်တက်နိုင်အောင်၊ ဦးမော့တက်နိုင်အောင်လို့ ရည်မှန်း ကြိုးစားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးရဲ့ အဲဒီပြောစကားဟာ လက်တွေ့ မြန်မာ့စီးပွားရေးအခင်းအကျင်းနဲ့ ကိုက်ညီမှုမရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ဝေဖန်လိုက်ပါတယ်။

ဝင်းထက် စီးပွားရေးနှင့် ဥပဒေအကျိုးဆောင်လုပ်ငန်း စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက “ဘာမှမရှိဘူး။ ဘာမှမရှိတဲ့ System မရှိတဲ့ တိုင်းပြည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာပါလို့ အိပ်မက်ဆန်ဆန် ပြောနေတဲ့ အရေးအသားတွေနဲ့ အပြောအဆိုတွေဟာ လက်တွေ့နဲ့တော့ ကင်းကွာနေတယ်” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပေမယ့် စီးပွားရေးလုပ်ငန်းတွေအပေါ် သိသာထင်ရှားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ စီးပွားရေးသမားတွေအတွက် လုပ်သာကိုင်သာရှိအောင် ဖြေလျှော့မှုတွေရှိမှ စီးပွားရေးတိုးတက်လာမယ်လို့ သုံးသပ်ပြောပါတယ်။

“လုပ်သာကိုင်သာ ပိုပြီးတော့ ရှိလာသလား။ နောက်တခုက ပိုပြီးတော့ ဖြေလျှော့လာတာတွေ များသလားပေါ့။ ဒီ ၂ ချက်ပေါ့။ ပြည်တွင်းလုပ်ငန်းရှင်ရော၊ ပြည်ပလုပ်ငန်းရှင်ရော ပိုပြီး လုပ်သာကိုင်သာရှိသလား။ ပိုပြီးတော့ ဖြေလျှော့မှုတွေ ရှိသလား။ ဒီအပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးက တိုးတက်မှာပေါ့” လို့ ပြောပါတယ်။

Sinma Furnising ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက “ဝုန်းဒိုင်းကြဲပြီး Take Out ဖြစ်ဖို့ဆိုရင် နိုင်ငံခြားချေးငွေနဲ့ ဒီ Infrastructure တွေကို ဝုန်းဒိုင်းကြဲ လုပ်မှာလားပေါ့နော်။ ဥပမာ တံတားတွေ အစင်းပေါင်း ထောင်နဲ့ချီ ဆောက်မှာလား၊ လမ်းတွေ ဖောက်မှာလား။ ဒီငွေတွေကနေပြီးတော့ ပြည်တွင်း ကန်ထရိုက်တာတွေရဲ့ အကျိုးစီးပွားအတွက် ဝင်ငွေတွေ ရလာမယ်၊ ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမားတွေ လုပ်အားခတွေ ရလာမယ်။ ပြည်တွင်း လည်ပတ်ငွေရှိလို့ စီးပွားရေးတွေ တက်လာမယ်ဆိုတဲ့ အနေအထားမျိုးပဲ စဉ်းစားစရာရှိတယ်" လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေးလောကဟာ ပုံမှန်လည်ပတ်ဖို့ မှန်ကန်တဲ့စနစ် မရှိသေးတာ၊ ဥပဒေအကာအကွယ်တွေ အားနည်းနေသေးတာ၊ လုပ်ငန်းရှင်တွေအတွက် အစိုးရက အာမခံချက်တွေ မပေးနိုင်သေးတာ၊ ပြည်တွင်းငြိမ်းချမ်းရေး မရသေးတာတွေကြောင့် နိုင်ငံတကာနဲ့ ရင်ပေါင်မတန်းနိုင်သေးတာလို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က “ကုန်သွယ်စီးဆင်းမှု တိုးတက်တာလား၊ ဆုတ်ယုတ်သွားသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပြည်ပက ဝယ်ယူတဲ့ ကုန်သည်တွေရဲ့ ဈေးနှုန်း အတက်အကျပေါ်မှာ၊ ဝယ်ယူမှု နည်း၊ များပေါ်မှာ ကုန်သွယ်စီးဆင်းမှု နည်း၊ များ ကွားခြားတဲ့ အနေအထားလေးပဲ ရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “အများကြီး ပြောင်းလဲတာကို ကျနော်တို့ မတွေ့သေးဘူး။ ကမ္ဘာမှာ FDI နဲ့ ပတ်သက်ရင်လည်းပဲ စိုက်ပျိုးရေးကဏ္ဍမှာ အများကြီး ဝင်လာတာမျိုးတွေ ကျနော်တို့ မတွေ့ရသေးဘူးပေါ့နော်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ ကျနော်တို့က လုပ်စရာတွေ ကျန်သေးတယ်။ လက်ရှိမှာလည်း အစိုးရအနေနဲ့ Agricultural Development Strategy (ADS) ဆိုပြီးတော့ ဒါကို ရေးဆွဲနေတယ်လို့ ကျနော်တို့ သိရတယ်။ ဒီဟာ ရေးဆွဲပြီးရင်တော့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဘက်ကို ဆောင်ရွက်နိုင်မယ်လို့ သက်ဆိုင်ရာက ဝန်ကြီးဌာနအနေနဲ့ ကြားသိရတယ်ပေါ့နော်” လို့ ပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချမှတ် အကောင်အထည်ဖော်မယ်လို့ ၂၀၁၆ ခုနှစ် သြဂုတ်လက ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာ သိသိသာသာ အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

သတင်း - ဇေယျာချမ်းအေး/နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013