DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် တရားမဝင် ကျောက်စိမ်းတုံး ၃၀၀ ကျော် ဖမ်းမိ
DVB
·
June 7, 2017
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-သိန္နီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ ဒီကနေ့ ဇွန်လ ၇ ရက်နေ့ မနက်က တရားမဝင်ကျောက်စိမ်းတုံး ၃၀၀ ကျော် သယ်ဆောင်လာတဲ့ ကား ၂ စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ရေပူ အကောက်ခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဒီမနက်ပဲ ကျောက်စိမ်းကား ၂ စီး မိတယ်။ ပထမတစီးက အဲရ်ဖက်။ အဲဒီကားကို ဒီမနက် ၃ နာရီမှာ ကျောက်စိမ်းတွေ သယ်လာတယ်ဆိုပြီး သတင်းရလို့။ ၁၉၇/၄ ဖာလုံ နေရာမှာ အဲဒီကားကို စစ်တယ်။ အဲဒီကားက မရပ်ဘဲ ထွက်ပြေးတယ်။ အဲဒါကို ရေပူဂိတ်မှာ ပိတ်ဆို့ပြီးတော့ ဖမ်းလိုက်တယ်။ ပြီးတော့ ၃ နာရီ ၅၀ မိနစ်မှာ ထပ်ဖမ်းမိတယ်။ ဒုတိယအစီးလည်း စစ်နေတဲ့အချိန်မှာ ကားကို ရပ်မပေးဘဲနဲ့ မောင်းထွက်ပြေးပြန်တယ်။ လိုက်ဖမ်းလိုက်တော့ ၂၀၄ မိုင် ၂ ဖာလုံမှာ မိပြီးတော့ ပြန်ခေါ်ပြီးစစ်တော့ ကျောက်စိမ်းတွေ မိတယ်” လို့ ပြောပါတယ်။

အလေးချိန်တွေကို စစ်ဆေးပြီး ပြန်တွက်ရဦးမယ်။ အဲဒါပြီးရင် အကောင်ခွန်ဌာနကို ပြန်လွဲပေးမယ်လို့ ဦးတက်ထွန်းအောင်က ဆက်ပြောပါတယ်။

ကျောက်စိမ်းတုံးကို အဲရ်ဖက်ကားပေါ်မှာ ၁၇၅ တုံး၊ အိမ်စီးကားသေးပေါ်မှာ ၁၅၄ တုံး စုစုပေါင်း ၃၂၉ တုံး ဖမ်းမိခဲ့တာပါ။။

ကျောက်စိမ်း သယ်ဆောင်လာသူ ကားသမား ၂ ဦးကို သိန္နီရဲစခန်းကို ပို့ဆောင်ပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရေပူစစ်ဆေးရေးစခန်း အထွက်မှာ သစ်နဲ့ ကျောက်စိမ်းကို အများဆုံး ဖမ်းဆီးရမိပြီး တရုတ်ပြည်ဘက် အဝင်မှာ အခွန်ဆောင်ထားခြင်းမရှိတဲ့ ပစ္စည်းနဲ့ စားသောက်ကုန်တွေ ဖြစ်တယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

ရေပူဂိတ်မှာ ဗုံး မကြာခဏပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အပေါ် ဦးတက်ထွန်းအောင်က “ဦးလေးတို့ကတော့ ဖမ်းဆီးမှုကို ပုံမှန်အတိုင်းပဲ လုပ်သွားမှာပါ။ လုံခြုံရေးကိုလည်း အဲဒီတိုင်းပဲ။ ပုံမှန်စီးပွားရေးလုပ်တဲ့ လူတွေကလည်း ပုံမှန်အတိုင်းပဲ သွားလာနေကြပါတယ်” လို့ ပြောပါတယ်။

ရေပူဂိတ်တွင် ဇန်နဝါရီ ၁၆ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ အမှုပေါင်း ၂၆၄ မှုကို ဖမ်းဆီးရမိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၅၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း - နိုင်နိုင်၊ ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013