
အာဆင်နယ် မန်နေဂျာ မီခေး အာတေတာဟာ တနင်္ဂနွေနေ့က ပြိုင်ဘက်အသင်း မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲဟာ နောက်ဆုံး ၅ ပွဲ ကျန်ရှိနေချိန်မှာမှ ပြန်စတင်နေပြီလို့ ပြောကြားလိုက်ပါတယ်။
ဒီပွဲကို အာဆင်နယ်က အနိုင်ရရှိခဲ့ရင် ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံး လိဂ်ချန်ပီယံရယူနိုင်ဖို့ အခွင့်အလမ်းပိုများသွားမှာ ဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ အမှတ်ကွာဟချက် ၉ မှတ်အထိ အသာရရှိနိုင်ခဲ့မှာပါ။
ဒါပေမဲ့ ဒုတိယပိုင်းကစားချိန် ဟာလန်းရဲ့ အနိုင်ဂိုးကြောင့် အာဆင်နယ်ရဲ့ အခွင့်အရေး အားသာချက် ဆုံးရှုံးသွားခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ မန်စီးတီးအသင်းဟာ ဘန်လေအသင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားရမဲ့ လက်ကျန်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် ပရီးမီးယားလိဂ် ဇယားထိပ်ကို ပြန်လည်ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ အခုရှုံးပွဲကို ကစားသမားတွေ စိတ်ပျက်နေကြတာ သေချာပါတယ်လို့ နည်းပြချုပ် အာတေတာက ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ သူတို့က ဒီနေ့ အခွင့်အရေးတခု ဆုံးရှုံးသွားတယ်ဆိုတာကို သိပြီး နောက်ထပ် ၅ ပွဲမှာ အကြီးမားဆုံး အခွင့်အရေးရှိနေသေးတယ်လို့ ယူဆနေကြတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့ပါတယ်။
မန်စီးတီးက အာဆင်နယ်နဲ့ အမှတ်ကွာခြားချက် နီးကပ်လာပေမဲ့ ကျန်ရှိတဲ့ ပြိုင်ပွဲဇယားအရ အာတေတာဘက်က အားသာနေတယ်လို့လည်း သုံးသပ်ထားကြတာရှိပါတယ်။
အာဆင်နယ်ဟာ နယူးကာဆယ်၊ ဖူဟမ်နဲ့ ဘန်လေ တို့ကို အိမ်ကွင်းတွင် လက်ခံကစားရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။
တဖက်မှာ မန်စီးတီးကတော့ ဘန်လေနဲ့ ကစားပြီးနောက် အဲဗာတန်၊ ဘုန်းမောက်တို့နဲ့ အဝေးကွင်း၊ ဘရန့်ဖို့ဒ်၊ အက်စတွန်ဗစ်လာနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ UEFA ဥရောပချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ပွဲစဉ်ကို အက်သလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်ရဖို့ရှိတာကြောင့်လည်း အသင်းအပေါ် ဖိအားတွေ ရှိနေပါတယ်။
လက်ရှိရာသီအတွင်း ပထမ ၄၉ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ လိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ တလကျော်သာ ကြာတော့တဲ့ အချိန်မှာ လတ်တလော ကစားခဲ့တဲ့ ၆ ပွဲအတွင်း ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ ပါတယ်။










