DVB Logo
Home
Lead Story
နေပြည်တော်က အိုအေစစ် (သို့မဟုတ်) ငလိုက်အပန်းဖြေစခန်း (ခရီးသွားအက်ဆေး)
DVB
·
June 7, 2017
နေပြည်တော်က အိုအေစစ် (သို့မဟုတ်) ငလိုက်အပန်းဖြေစခန်း (ခရီးသွားအက်ဆေး)
1 / 19
Donate to DVB

နေပြည်တော်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဆိုတာ လူတိုင်းသိရှိပြီး ဖြစ်မှာပါ။ အဲဒီမြို့တော်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာသူတွေအနေနဲ့ ရောက်တုန်းရောက်ခိုက် သွားလာလည်ပတ်မယ်ဆိုရင် သိပ်များများစားစားတော့ မရှိပါဘူး။

ရေပန်းဥယျာဉ်နဲ့ ဗုဒ္ဓဂါယာ အပါအဝင် အလွန်ဆုံး လေးငါးနေရာလောက်ပဲ ရှိပါတယ်။ အချိန်မရတဲ့သူတွေအနေနဲ့ ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင် တနေ့တာ အချိန်ပေးရုံနဲ့ နေရာအားလုံးကို အေးအေးဆေးဆေး လေ့လာနိုင်ပါတယ်။

အဲလိုမဟုတ်ပဲ အချိန်လည်း အလုံအလောက်ရမယ်၊ အေးအေးဆေးဆေးလည်း အနားယူ အပန်းဖြေဖို့လည်း ရှိမယ်ဆိုရင်တော့ နေပြည်တော်က အထင်ကရနေရာတွေကို လေ့လာပြီး နေပြည်တော်ကနေ ကားမောင်းချိန် မိနစ် ၂၀ ကျော် ၃၀ နီးပါးလောက်နဲ့ ရောက်ရှိနိုင်တဲ့ အပန်းဖြေနေရာတခုကို သွားရောက်ဖို့ လမ်းညွှန်ပါရစေ။

အဲဒီနေရာကတော့ မြန်မာနိုင်ငံသားတွေ သိရှိပြီးဖြစ်တဲ့ ငလိုက်ဆည် (ခေါ်) ငလိုက်ရေလှောင်တမံ တည်ရှိရာ နေရာလေးကိုပါ။ အချိန်ရလို့ဖြစ်ဖြစ်၊ အနားယူ အပန်းဖြေဖို့ ဖြစ်ဖြစ် အဲဒီနေရာကို ရောက်ရှိသွားသူတွေအနေနဲ့ တောတောင်ရှုခင်းတွေအပြင် ညနေဆည်းဆာ အလှတရားတွေနဲ့အတူ အနုပညာမြောက်တဲ့ ပန်းချီကားတချပ်လို အသက်ဝင် လှပနေတဲ့ ငလိုက်ဆည်ရဲ့ အလှတရားတွေကိုပါ မြင်တွေ့ခံစားရမှာပါ။

ဒီလိုအလှတရားတွေကို အပြည့်အဝ ခံစားလိုသူတွေအနေနဲ့ နေ့တနေ့ရဲ့ ညနေခင်းလေးမှာ ငလိုက်စခန်းသာဟိုတယ်က ဖန်တီးထားတဲ့ ငလိုက်ဆည်အတွင်းသွား ရေယာဉ်လေးနဲ့ မိမိနှစ်သက်ရာ အစားအသောက်တွေ တင်ဆောင်ပြီး စားသောက်ရင်း တောင်တောင်သဘာဝ အလှတွေကို ဆည်တပတ် လှည့်လည်ကြည့်ရှုရင်း ခံစားလို့ ရနိုင်ပါတယ်။

အဲဒီရေယာဉ်နဲ့ ငလိုက်ဆည်ကိုဖြတ်ပြီး ငလိုက်ဆင်စခန်းကို သွားရောက်လေ့လာမယ် ဆိုလည်း မိနစ် ၃၀ လောက်နဲ့ ရောက်ရှိနိုင်ပါသေးတယ်။ အဲဒီဆင်စခန်းကို ရောက်တာနဲ့ ကျေးငှက်တို့ သီကျူးနေတဲ့ သံစဉ်တွေနဲ့ စိမ်းစိုနေတဲ့ တောတောင်အလှတွေ၊ သဘာဝအတိုင်း ပေါက်ရောက်ပွင့်ဖူးနေတဲ့ တောပန်းလေးတွေရဲ့ ရနံ့တွေကို စတင်ခံစားရမှာပါ။

ဆင်စခန်းအနီးက ရေစပ်တွေမှာ ဆောက်လုပ်ထားတဲ့ ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်လေးတွေမှာ ခရီးတထောက် နားခိုလို့ရပါသေးတယ်။ ဆင်စီးလိုတဲ့သူတွေ အနေနဲ့လည်း ဆင်စခန်းက ဆင်တွေကို ဝင်ကြေး ၁ ထောင်ကျပ်၊ ဆင်စီးခ ၅ ထောင်ကျပ်နဲ့ စီးလို့ရပါတယ်။

ဒီလို သဘာဝအလှတရားတွေနဲ့ ဆင်စခန်းကို သွားရောက်လေ့လာပြီး ခရီးပန်းလို့ ဖြစ်ဖြစ်၊ အနားယူချင်လို့ဖြစ်ဖြစ် ငလိုက်စခန်းသာဟိုတယ်မှာ တည်းခိုလို့ရပါတယ်။

အဲဒီဟိုတယ်ရဲ့ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က အထင်ကရအိမ်တွေနဲ့ စိတ်ဝင်စားဖွယ်လူသားတွေ နေထိုင်ခဲ့တဲ့ အိမ်တွေကို အလုံးလိုက်ဝယ်ယူပြီး မူလပုံစံအတိုင်း တည်းခိုဆောင်တွေအဖြစ် ပြန်လည်တည်ဆောက်ထားတာပါ။

ကျနော်သိရသလောက်တော့ လူပျိုကြီး ညီအစ်ကိုနေထိုင်ခဲ့တဲ့အိမ်၊ အပျိုကြီးညီအမ နေထိုင်ခဲ့တဲ့အိမ်တွေအပြင် အခြား ထူးခြားပြီး စိတ်ဝင်စားစရာလူသားတွေ နေထိုင်ခဲ့တဲ့ အိမ်တွေကို မူလပုံစံအတိုင်း တည်းခိုဆောင်တွေအဖြစ် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း သခင်သန်းထွန်းကိုယ်တိုင် ရုံးအဖြစ် အခြေစိုက်အသုံးပြုခဲ့တဲ့ နေအိမ်ကို အလုံးလိုက်ဝယ်ယူပြီး မူလပုံစံအတိုင်း တည်းခိုဆောင်အဖြစ် ပြန်လည် တည်ဆောက်နေပါသေးတယ်။

နေပြည်တော်ကို ရောက်ရှိသူတွေအနေနဲ့ အချိန်ရမယ်ဆိုရင်တော့ ငလိုက်ဆည်၊ ငလိုက်ဆင်စခန်းနဲ့ ငလိုက်စခန်းသာဟိုတယ်တို့ တည်ရှိရာ နေရာလေးကို သွားရောက် လေ့လာရင် အပန်းဖြေအနားယူဖို့ သွားမယ်ဆိုရင်တော့ နေပြည်တော် အမြန်လမ်းမကြီးကနေ အမြန်လမ်းမကြီး မိုင်တိုင် ၂၁၇ ရောက်လို့ မြေနီလမ်းချိုးတခုကို တွေ့ရင်တော့ အဲဒီလမ်းချိုးလေး အတိုင်း ၂ ဖာလုံနီးပါး ဆက်မောင်းသွားရုံနဲ့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013