DVB Logo
Home
မြန်မာသတင်း
မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်နေအိမ်များကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ထောက်ပံ့ငွေပေးအပ်
DVB
·
June 6, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းခဲ့ရတဲ့ လူနေအိမ် ၉ လုံးအတွက် တအိမ်ကို ၁ သိန်းကျပ်နှုန်းနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ဇွန်လ ၆ ရက်နေ့က သွားရောက်အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။

ဧရာဝတီမြစ်ရေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက သိသိသာသာ စတင်မြင့်တက်လာခဲ့တာဖြစ်ပြီး မြစ်ရေတိုက်စားလို့ မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်ကာ လူနေအိမ်တွေ ဖြိုဖျက်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။

ကသာမြို့နယ်မှာ မိုးတားလေးကျေးရွာ အပါအဝင် ပုလွေရွှေကျေးရွာမှာလည်း လေပြင်း ကျရောက်မှုကြောင့် လူနေအိမ် ၂ လုံး ပြိုလဲခဲ့ပါသေးတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက “မိုးကတော့ ပြတ်သွားပြီ။ ဒါပေမယ့် ရေကတော့ ခုထိ တိုးနေတုန်းပဲ။ ကမ်းပါးပြိုလို့ နေအိမ် ပြောင်းရွှေ့ရတာက ကသာမြို့နယ်ထဲမှာတော့ မိုးတားလေးရွာတရွာပဲ ရှိတယ်။ ဒါကြောင့် ဒီနေ့ ကျနော်တို့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လာပြီး တိုင်းဒေသကြီးအစိုးရ သဘာဝဘေးဒဏ်ရန်ပုံငွေထဲကနေ တအိမ်ကို ၁ သိန်းစီ၊ အားလုံး ၉ သိန်း လာထောက်ပံ့တာပါ”လို့  ဒီဗွီဘီကို ပြောပါတယ်။

မြစ်ရေကလည်း ဆက်တိုးနေဆဲဖြစ်ပြီး မြစ်ကမ်းဘေးနားမှာရှိတဲ့ နောက်ထပ် ရွှေ့ပြောင်းရနိုင်တဲ့ အိမ် ၆ အိမ်လောက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြစ်ရေတိုက်စားတဲ့ဒဏ်ကို မိုးတားလေးကျေးရွာအပြင် မြစ်ကမ်းဘေးမှာရှိတဲ့ ဝက်တူး၊ ကျွဲခြံ၊ ပုလွေရွှေ၊ ထောင့်ကြီး၊ သံပရာကုန်း၊ ဒုံးအော၊ လိပ်ထုံး၊ ထုံးရဲ စတဲ့ကျေးရွာတွေကလည်း ခံစားရနိုင်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတိနဲ့နေကြဖို့၊ ဖြစ်လာရင် သက်ဆိုင်ရာကို အကြောင်းကြားကြဖို့တွေကို လိုက်လံဆော်သြတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013