DVB Logo
Home
Lead Story
ပုဒ်မ ၆၆(ဃ) နှင့် တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုမိန့်
DVB
·
June 6, 2017
ပုဒ်မ ၆၆(ဃ) နှင့် တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုမိန့်
Donate to DVB

 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ပေးရန်၊ ပြင်ဆင်ပေးရန် အသံများသည် ကျယ်လောင်စွာ ဖြစ်ပေါ်နေသည်။ ယနေ့ ၆၆(ဃ) နှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများသည် တရားရုံးများက အာမခံပေးသင့်ပါလျက် အာမခံမပေးခြင်းကြောင့် ဖြစ်သည်ဟု ဝေဖန်ထောက်ပြသူများလည်း ရှိသည်။

လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် အခွင့်အရေးက တဖက်၊ ဤအခွင့်အရေးကို မမှန်မကန်သုံး၍ အွန်လိုင်းပေါ်မှ အသရေဖျက်မှုများ၊ လုပ်ကြံဖန်တီး၍ တဖက်သား ထိခိုက်စေသော ပြုလုပ်မှုများက တဖက် ဖြစ်နေပါသည်။ သို့ဖြစ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ တရားစွဲဆိုရာတွင် စွဲသင့်၊ မသင့် စိစစ်ရန် လိုကြောင်း ထင်ရှားပါသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် အခြားသော တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားစွဲဆိုရာ၌ ပုဒ်မ ၈၀(ခ) အရ ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ဆက်သွယ်ရေးဥပဒေသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ကျင့်သုံးသော၊ စီမံခန့်ခွဲသော ဥပဒေဖြစ်၍ ယင်းဌာန ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည် ဖြစ်ပါသည်။ ကြိုတင်တရားစွဲဆိုမိန့် မပါဘဲ တရားရုံးများက စွဲဆိုမှုကို လက်ခံစစ်ဆေးမည် မဟုတ်ပါ။

သို့ရာတွင် ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် တရားစွဲဆိုမိန့် တောင်းခံမှုများကို တင်ပြသောအမှုများ အားလုံးနီးပါးကို တရားစွဲဆိုမိန့် ထုတ်ပေးနေကြောင်း သိရပါသည်။ စွဲဆိုမိန့်ဆိုသည်မှာ ဦးဖြူ၊ ဦးနီ၊ ဦးဝါ စသည်တို့အပေါ် မည်သည့်ပုဒ်မဖြင့် မည်သည့်တရားရုံး၌ တရားစွဲဆိုရန် ခွင့်ပြုသည် သို့မဟုတ် ခွင့်မပြုပါဟု တိတိကျကျ ဖြစ်ပါသည်။ ဆက်လက်ဆောင်ရွက်ပါရန် ဟူသော မှတ်ချက်မျိုးသည် စွဲဆိုခွင့်ပြုမိန့်ဟု မဆိုနိုင်ပါ။

ဆက်သွယ်ရေးပုဒ်မ ၈ဝ(ခ) သည် သက်ဆိုင်သော ဝန်ကြီးဌာနအား စွဲဆိုမိန့် ထုတ်ပေးရန် ပြဋ္ဌာန်းထားခြင်းမှာ စိစစ်ပြီးမှ စွဲဆိုခွင့်ပြုသင့်မှသာ စွဲမိန့်ထုတ်ပေးရန် အခွင့်အာဏာ အပ်နှင်းထားခြင်း ဖြစ်သည်။ စွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံသော အမှုအားလုံးကို စွဲဆိုခွင့်မိန့် ထုတ်ပေးပါက ဤပုဒ်မ ထည့်သွင်းပြဋ္ဌာန်းခြင်း၏ ရည်ရွယ်ချက်သည် အဟောသိကံ ဖြစ်ပေမည်။ စွဲဆိုမိန့်ကို စိစစ်ခြင်းမပြုဘဲ ထုတ်ပေးခြင်းသည် မိမိအား အပ်နှင်းထားသော အာဏာနှင့်တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်း ဖြစ်ပါသည်။

ဥပဒေတိုင်း၌ ကြိုတင်၍ တရားစွဲဆိုရန် ခွင့်ပြုမိန့်ယူရန် ပြဋ္ဌာန်းထားခြင်း မရှိပါ။ အရေးကြီးသော မှုခင်းကြီးများ၌သာ တရားစွဲဆိုခွင့် ကြိုတင်ခွင့်ပြုမိန့် ရယူရန် ထည့်သွင်းပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ခွင့်ပြုမိန့် ထုတ်ပေးသင့်၊ မသင့် ဆုံးဖြတ်ရပါမည်။ ဆုံးဖြတ်နိုင်ရန်မှာ အမှုတမှုချင်းအပေါ် မူတည်၍ စိစစ်ရမည် ဖြစ်ပါသည်။ တရားစွဲဆိုရန် ခွင့်ပြုမိန့် တောင်းခံသူသည် သာမန်စာတစောင်ဖြင့် တင်ပြခြင်းအပေါ်၌ စိစစ်နိုင်မည် မဟုတ်ပါ။ စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်သော သက်သေခံချက်များနှင့် တရားစွဲဆိုမိန့် ထုတ်ပေးသင့်ကြောင်း သုံးသပ်ချက်၊ ကျိုးကြောင်းဖော်ပြချက်များဖြင့် ပူးတွဲတင်ပြရန် လိုပါသည်။ သို့မှသာ စိစစ်ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

တရားစွဲဆိုခွင့်ပြုမိန့် ထုတ်ပေးသင့်၊ မသင့် ဆုံးဖြတ်ရာ၌ အပြစ်ရှိ မရှိ၊ တရားခံသည် ပြစ်မှုကျူးလွန်ခြင်း ရှိ မရှိ စဉ်းစားဆုံးဖြတ်ခြင်းကဲ့သို့ မဟုတ်ပါ။ ဤအဆင့်ထိ စဉ်းစားရန် မလိုပါ။ စစ်ဆေးပေါ်ပေါက်ချက်အရ သာမန်အားဖြင့် ပြစ်မှုကျူးလွန်ဖွယ်ရာ ရှိ မရှိ ညွှန်ပြချက်ရှိ မရှိ အဆင့်ကိုသာ ကြည့်ရှုရန် ဖြစ်ပါသည်။

စွဲမိန့်ထုတ်ပေးခြင်းခံရသူသည် ထုချေဖြေရှင်းရန် အကြောင်းရှိ၊ မရှိသာ သာမန်အားဖြင့် စိစစ်ရန်လိုမည် ဖြစ်ပါသည်။ စွပ်စွဲချက်သည် ခိုင်မာမှုမရှိ၊ သက်သေအထောက်အထား မရှိ၊ ထင်မြင်ချက်၊ စွပ်စွဲခံရသူက ပြုလုပ်ကြောင်း ညွှန်ပြအထောက်အထား မရှိပါက စွဲဆိုခွင့်အမိန့် ထုတ်မပေးသင့်ပါ။

တရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံသူအား လိုအပ်သော အထောက်အထားများ ပြည့်ပြည့်စုံစုံ တင်ပြစေရန် ညွှန်ကြားနိုင်ပါသည်။ သို့မဟုတ်ပါက စွဲဆိုခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်နိုင်ပါသည်။

တရားစွဲဆိုခွင့်ပြုချက်ပေးခြင်းခံရမည့် ပုဂ္ဂိုလ်သည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ပါက ပြည်သူ့ဝန်ထမ်းသည် တာဝန်အရ သဘောရိုးဖြင့် ပြုလုပ်မှုများသည် ကင်းလွတ်ခွင့် ဥပဒေပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ပါက  တရားစွဲဆိုခွင့်မိန့် ထုတ်ပေးရန် သင့်မည် မဟုတ်ပါ။

ပြည်သူ့ဝန်ထမ်း ဖြစ်စေကာမူ တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းနှင့် မဆိုင်သော ပြုလုပ်မှုဖြစ်ပါက ပြည်သူ့ဝန်ထမ်းဟူသော အချက်ကို ထည့်သွင်းစဉ်းစားရန် လိုမည်မဟုတ်ပါ။

အချုပ်အားဖြင့် တင်ပြရပါမူ ဆက်သွယ်ရေးဥပဒေအရ တရားစွဲဆိုရာတွင် ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရခြင်းသည် တရားစွဲအဖွဲ့အစည်းက ဖြစ်စေ၊ လူပုဂ္ဂိုလ်များက ဖြစ်စေ တောင်းခံလာခြင်းအပေါ် အားလုံး ခွင့်ပြုမိန့်ထုတ်ပေးပါက ဥပဒေပြဋ္ဌာန်းခြင်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီမည် မဟုတ်ပါ။

တရားစွဲဆိုခွင့်ပြုမိန့် ထုတ်ပေးရန် သင့်၊ မသင့် စိစစ်ရန် အာဏာအပ်နှင်းထားခြင်း ဖြစ်ပါသည်။ မိမိအား အပ်နှင်းထားသော အာဏာကို ကျင့်သုံးရန် ပျက်ကွက်ခြင်းမှာလည်း ဥပဒေအရ တာဝန်ရှိမည်ဖြစ်ပါကြောင်း...........။

ရှေ့နေ မောင်ကံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013