DVB Logo
Home
မြန်မာသတင်း
မန္တလေး အာဇာနည်ဗိမာန် ပြုပြင်သန့်ရှင်းခွင့်ရရှိ
DVB
·
February 10, 2012
Donate to DVB

နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတဲ့  မန္တလေးမြို့က သမိုင်းဝင်  အာဇာနည်ဗိမာန်ကို မြို့ခံလူထုက  သွားရောက် ရှင်းလင်းခွင့် ရခဲ့ပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ်  ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ မန္တလေးမြို့က ရဟန်းသံဃာ ကျောင်းသားအာဇာနည် ၁၇ ဦးရဲ့ အထိမ်းအမှတ် အာဇာနည်ဗိမာန်ကို  နှစ်ပေါင်းများစွာ ပစ်ပယ်ထားရာက   ဒီကနေ့  ၀င်ရောက် သန့်ရှင်းခွင့်ရပြီလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၆ နာရီကတည်းက မန္တလေးမြို့ တမ္မ၀တီရပ်က အာဇာနည် ၁၇ ဦးရဲ့ အထိမ်းအမှတ် ဗိမာန်ကို မန္တလေး အခြေစိုက် ချမ်းမြသုခ နာရေးကူညီမှုအသင်းနဲ့ စိမ်းရောင်စိုအဖွဲ့ကနေ ကမကထပြုပြီး သံဃာတော်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊

ကျောင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အပါအ၀င် လူ ၄၀၀ လောက် သွားရောက်ပြီးတော့ အာဇာနည်ဗိမာန် သန့်ရှင်းရေးနဲ့ ပြုပြင်ရေးတွေကို လုပ်ဆောင်ခဲ့တာလို့ မန္တလေး ဒေသခံ သတင်းသမား တဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“မနက် ၆ နာရီက ကျနော်တို့ ဒီ တမ္မဝတီရပ်က တချော်ကုန်းမှာ ရှိတဲ့ အာဇာနည် ၁၇ ဦးရဲ့ ဂူဗိမာန် ရှေ့မှာပဲ ဆွမ်းလောင်းအလှူနဲ့ အခမ်းအနားလေး လုပ်ပါတယ်။ မနက်အစောကြီး လမ်းပေါ်မှာ တန်းစီပြီး ကြွလာတဲ့ သံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်းလောင်းတာပေါ့။

ပြီးတော့မှ ကျနော်တို့ ၇ နာရီကျမှ အခမ်းအနားအစီအစဉ်၊ သန့်ရှင်းရေး အစီအစဉ်စပါတယ်။ အားလုံးက ဒီ အထဲမှာ ရှိတဲ့ ခြုံနွယ်တွေကို ဓားနဲ့ ခုတ်တန်ခုတ်၊ မစိုးရိမ်က သံဃာတော်တွေလည်း အာလုံး ကြွလာကြပြီးတော့မှ အတူလုပ်ကြတယ်။ သစ်ပင်လည်း ၁၇ ပင် စိုက်ပါတယ်။”

ဗိမာန်ရှင်းလင်းမှုကို မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက ၀န်ထမ်းတွေလည်း ပူးပေါင်း ပါဝင်ကြတယ်လို့ သိရပါတယ်။ အဖွဲ့အစည်းတွေ အစုံအလင်နဲ့ ဆောင်ရွက်ကြတာဟာ ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ အရင်ကတော့ ဒီနေရာဟာ သစ်ပင်ချုံနွယ်တွေ ပေါက်ရောက်နေပြီး နှစ်ပေါင်း ၂၀ ကြာအောင် ပြုပြင်ထိန်းသိမ်းတာ မရှိဘဲ စွန့်ပစ်ခံထားရတာပါ။

၁၃၀၀ ပြည့်အရေးတော်ပုံမှာ နယ်ချဲ့အင်္ဂလိပ် လက်ချက်နဲ့ ကျဆုံးသွားတဲ့ ရဟန်း၊ သံဃာ၊ ကျောင်းသား အာဇာနည် ၁၇ ဦးအတွက် အောက်မေ့ရည်စူးပြီး အမှတ်တရ အာဇာနည် ဗိမာန်ကို တည်ဆောက်တာပါ။

သမိုင်းမှာ အရေးကြီးတဲ့ နေရာဖြစ်တဲ့အတွက် အခုလို သန့်ရှင်းရေး လုပ်ပြီးပေမယ့် သော့ခတ်ထား ပိတ်ထားလို့ မရတော့ကြောင်း  မန္တလေး အာဇာနည်ဗိမာန် ပြန်လည်ပြုပြင်ဖို့ ကမကထလုပ် ဆော်သြခဲ့တဲ့ မန္တလေးမြို့က စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

“ကျနော်တို့က မန္တလေး အာဇာနည်ဗိမာန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့ရမယ်။ ဖွဲ့ပြီးတော့ အဲဒီမှာကို အမြဲတမ်း အစောင့်အရှောက်တွေ ထားမယ်။ နောက် ကျနော်တို့ ပန်းခြံတွေဘာတွေ အဲဒီထဲမှာ လုပ်ရမယ်။ အဲဒီထဲမှာပဲ မြန်မာ့ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ အာဇာနည်တွေရဲ့ ကြိုးပမ်းမှုနဲ့ အခြားသော မြန်မာ့လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြောဆိုဆွေးနွေးတဲ့ ဝိုင်းတွေ ရှိလာရမယ်။ တပို့တွဲ့ လပြည့်ကျော် ၇ ရက် နှင့် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ရောက်တိုင်း တိုင်းပြည်လွတ်လပ်ရေး အတွက် ကျောင်းသားလူငယ် ရဟန်းတွေ ဘယ်လောက်အထိ သက်စွန့် ကြိုးပမ်းခဲ့ကြတာတွေကို နောင်လာနောင်သားတွေ၊ မျိုးဆက်သစ်တွေ သမိုင်းကြောင်းကို သိဖို့အတွက် ကျနော်တို့က ဂါရဝပြု အလေးပြုပြီးတော့ အမှတ်တရ အခမ်းအနားတွေ လုပ်ကြမယ်ပေါ့ဗျာ။

ဒီထဲမှာလည်း ကျနော်တို့က သမိုင်းနဲ့ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေ ပေါ့ဗျာ ဒီမှာ ကျောက်စာရေးထိုးထားတာမျိုးတွေတို့၊ နံရံကပ်စာစောင်တွေ လုပ်တာမျိုး တွေ၊ စာအုပ်စာတမ်းတွေ ထားတာမျိုးတွေတို့ ဒါမျိုးတွေ ကျနော်တို့ ကြိုးပမ်းကြရဦးမှာပါ။ ရှင်းပြီးတော့ ဒီအတိုင်းကြီး သော့ခတ်ထားလို့တော့ မဖြစ်ဘူးပေါ့ဗျာ။”

အရင်က အဲဒီဗိမာန်အတွက် ထိန်းသိမ်းရေး ကော်မတီဆိုတာ ရှိခဲ့ပေမယ့် ၁၉၈၀ ပြည့်လွန် နှစ်တွေကစလို့ ပြုပြင်ထိန်းသိမ်းတာတွေလည်း မရှိတော့ဘဲ မန္တလေးမြို့ စည်ပင်သာယာရေး အဖွဲ့ကနေ အာဇာနည် ဗိမာန်ကို စီမံခန့်ခွဲခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013