DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် လေထု၊ ရေထု အရည်အသွေးတိုင်းတာရေး ကိရိယာများ စတင်တပ်ဆင်
DVB
·
June 6, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လေထု၊ ရေထု အရည်အသွေးတွေကို စနစ်တကျတိုင်းတာ စစ်ဆေးပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် လေထု၊ ရေထု တိုင်းတာရေး စက်ကိရိယာတွေကို တိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တပ်ဆင်နေပါတယ်။

တိုင်းဒေသကြီးရန်ပုံငွေထဲကနေ ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိတဲ့ ကိရိယာတွေကို ဂျပန်နိုင်ငံက ဝယ်ယူပြီး တပ်ဆင်နေတာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးက “ဒီစက်က အထူးသဖြင့် ရေထုညစ်ညမ်းမှုတွေ၊ ရေထဲမှာပါဝင်တဲ့ Heavy Metal တွေ၊ လောလောဆယ် သတ်မှတ်တဲ့ Level တွေ ကြည့်နိုင်တာပေါ့။ စွန့်ပစ်တဲ့ရေတွေ၊ မြစ်ချောင်းတွေရဲ့ ရေအရည်အသွေးတွေက လူတွေ ဘေးဥပဒ်ရောက်နိုင်၊ မရောက်နိုင်ဆိုတာ သိနိုင်တာပေါ့။ လောလောဆယ်တော့ ဒီစက်တွေကို ကိုင်တွယ်နိုင်ဖို့ ကျွမ်းကျင်တဲ့ ဓာတ်ခွဲပညာရှင် မရှိသေးဘူး။ ဖွဲ့စည်းပုံအောက်မှာလည်း မရှိသေးတော့ ရှိတဲ့ဝန်ထမ်းတွေနဲ့ အလုပ်လုပ်နိုင်အောင် ဦးတည်ပြီး ဆောင်ရွက်နေရတယ်” လို့ ပြောပါတယ်။

လေ၊ ရေ အရည်အသွေးတွေ တိုင်းတာနိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေကလည်း ဝယ်ယူရတဲ့အတွက် ကုန်ကျမှုစရိတ်တော့ မြင့်မားမှုရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ဆေးမှုတခုပြုလုပ်ရင် လျှပ်စစ်မီးကို အသုံးပြုရတာဖြစ်တဲ့အတွက် မီးအခက်အခဲလည်း ရှိနေပါတယ်။ လက်ရှိမှာတော့ ကျွမ်းကျင်ပညာရှင် အခက်အခဲ၊ နည်းပညာအခက်အခဲတွေက အဓိကပြဿနာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေ စိစစ်ရွေးချယ်ပြီး တခြားနိုင်ငံတွေကို ဒီပညာရပ်နဲ့ပတ်သက်လို့ လေ့လာရေးတွေ စေလွှတ်ဖို့လည်း ရှိနေပါတယ်။

ညွှန်ကြားရေးမှူး ဦးသိန်းဌေးက “အဓိကကတော့ ပတ်ဝန်းကျင်ဆိုင်ရာတွေနဲ့ ထိတွေ့နေတဲ့ လုပ်ငန်းတွေ၊ ဥပမာ စက်မှုလုပ်ငန်းတွေ၊ သတ္တုတူးဖော်မှုလုပ်ငန်းတွေကို ဦးတည်ပြီး ဆောင်ရွက်သွားမယ်။ လေထု၊ ရေထုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စတွေကိုလည်း ဆောင်ရွက်သွားမယ်” လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဒီလိုစက်မျိုး တပ်ဆင်တာက ပထမဆုံးအကြိမ်ဖြစ်ပြီး ပုံမှန်လည်ပတ်သွားနိုင်ဖို့တော့ အချိန်ယူပြီး လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။

ဒီလိုစမ်းသပ်စစ်ဆေးတဲ့ ဌာနခွဲအတွက် လိုအပ်တဲ့ဝန်ထမ်း၊ နည်းပညာ၊ ငွေကြေး၊ နေရာအခက်အခဲတွေလည်း ရှိနေပါသေးတယ်။

ဒီစက်တွေ ပုံမှန်လည်ပတ်သွားနိုင်မယ်ဆိုရင် လူမှုပတ်ဝန်းကျင်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေထုနဲ့ ရေထု ညစ်ညမ်းမှုတွေကို စစ်ဆေးသိရှိနိုင်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကြိုတင်ကာကွယ်တာ၊ အချိန်နဲ့တပြေးညီ ဖြေရှင်းတာတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

ဇွန်လ ၃ ရက်နေ့ကလည်း ဒီတိုင်းတာရေးစက်ကိရိယာတွေကို ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ရှုတာတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013