DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့် ဘူးသီးတောင်တွင် စံပြကျေးရွာပေါင်း ၃၆ ရွာထူထောင်
DVB
·
June 5, 2017
မောင်တောနှင့် ဘူးသီးတောင်တွင် စံပြကျေးရွာပေါင်း ၃၆ ရွာထူထောင်
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စံပြကျေးရွာပေါင်း ၃၆ရွာ ထူထောင် ပေးထားသလို  ပြောင်းရွှေ့လာတဲ့ တိုင်းရင်းသားတွေကို စီမံကိန်းတွေ ရေးဆွဲပြီး ကူညီထောက်ပံ့ ပေးနေတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောပါတယ်။

ဇွန် ၅ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်က ဦးတက်ထွန်းအောင်ရဲ့ မြန်မာနိုင်ငံအနောက်ဖက်တံခါးဖြစ်တဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ရခိုင်ပြည်နယ်အနှံ့ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေကို စုဆောင်း ပြီး ရေတို၊ ရေရှည်စီမံကိန်းတွေ ချမှတ်ပြီး စဉ်ဆက်မပြတ် ရခိုင်တိုင်းရင်းသားကျေးရွာတွေ တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူက အခုလို ပြန်လည်ဖြေကြားတာပါ။

“မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဒေသခံတိုင်းရင်းသား တွေနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ တိုင်းရင်းသားလူမျိုးတွေကို နိုင်ငံတော်ရဲ့ လမ်းညွန်ချက်နဲ့အညီ ရေတို၊ ရေ ရှည်စီမံကိန်းတွေ ရေးဆွဲပြီး ပံ့ပိုးကူညီထောက်ပံ့ပေးနေပါတယ် ” လို့ ဗိုလ်ချုပ်သန်းထွဋ်က ပြောပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ၁၉၉၀ ပြည့်နှစ်ကစပြီး ဒေသခံတိုင်းရင်းသား လူမျိုးတွေကို စုစည်းပြီး တိုင်းရင်းသားစံပြကျေးရွာတွေကို စတင်အကောင်အထည်ဖော်ပေးခဲ့ သလို ၁၉၉၉ ခုနှစ်မှာ ရန်ကုန်တိုင်းကနေ မောင်တောဒေသမှာ အမြဲတမ်းနေထိုင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသားမိသားစုတွေကို ယခုအခါ ၁၉ ကြိမ်မြောက် ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

“တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့ရောက်ရှိလာတဲ့ အိမ်ထောင်စု ၇၄၂ စု၊ လူဦးရေ စုစုပေါင်း ၃၄၃၃ ဦးတို့ကို မောင်တောင်နဲ့ ဘူးသီးတောင်မြို့နယ် စံပြကျေးရွာတွေမှာ နေအိမ်တွေ ထပ်မံတိုးချဲ့နေရာချ ထားပေးနေပြီး တခြားထောက်ပံ့ပစ္စည်းတွေနဲ့ တစ်နှစ်စာရိက္ခာဆန်နဲ့ ရိက္ခာစိုငွေတွေ ထောက်ပံ့ပေးလျက်ရှိပါတယ် ” လို့လည်း ဒုတိယ၀န်ကြီးက ပြောပါတယ်။

မောင်တောမြို့နယ်မှာ တိုင်းရင်းသားစုစည်းကျေးရွာ ၁၅ ရွာ၊ ရန်ကုန်တိုင်းက ပြောင်းရွှေ့ကျေးရွာ ၆ ရွာနဲ့ ဒေသခံ တိုင်းရင်းသားနဲ့ ပြောင်းရွှေ့တိုင်းရင်းသားပေါင်းစုစည်းကျေးရွာ ၆ ရွာ စုစုပေါင်း ကျေးရွာ ၂၇ ရွာရှိပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ တိုင်းရင်းသားစုစည်းကျေးရွာ ၅ ရွာ၊ ရန်ကုန်တိုင်းက ပြောင်းရွှေ့ကျေးရွာ ၁ ရွာ၊ ဒေသခံတိုင်းရင်းသားနဲ့ ပြောင်းရွှေ့တိုင်းရင်းသားပေါင်းစုစည်း ကျေးရွာ ၃ ရွာ စုစုပေါင်း ကျေးရွာ ၉ ရွာ တည်ထောင်ပေးခဲ့တဲ့အတွက် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စံပြကျေးရွာ စုစုပေါင်း ၃၆ ရွာ ထူ ထောင်ပေးခဲ့တယ်လို့သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013