
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ စိတ်မနှံ့တဲ့သူတစ်ဦးက တူမီးသေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပြီးတဲ့နောက် ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်နေပါတယ်။
မိုးနဲမြို့ပေါ် မိုင်းရပ်ကွက် အုပ်စု ၇ က အသက် ၄၀ ကျော် စိုင်းအိန္ဒခဲန့် လို့ခေါ်တဲ့ စိတ်မမှန်သူ တဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ည ၈ နာရီကျော်က သူ့အိမ်ပေါ်ကနေ တူမီးသေနတ်နဲ့ ပစ်ချလိုက်တဲ့ အတွက် ရှမ်းလူငယ်ခေါင်းဆောင် စိုင်းထွန်းဦး နဲ့ ဒေါ်နန်းဆွေ တို့ ၂ ဦးကို ထိမှန်ခဲ့ပြီး ဒေါ်နန်းဆွေကတော့ ဒီကနေ့မနက်ဘဲ ဆုံးသွားပြီလို့ မိုးနဲဒေသခံ စိုင်းမောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီနေ့က သူတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာနေတဲ့ စိုင်းထွန်းဦးက အပြင်ကပြန်လာပြီး အိမ်ထဲကို ဆိုင်ကယ်တွန်းဝင်နေတုန်း စိုင်းအိန္ဒက သူ့အိမ်ပေါ်ကနေ တချက်ပစ်လိုက်တယ်။ စိုင်းထွန်းဦး ဒဏ်ရာရတော့ ပါဆွေက လာပွေ့ထူနေတုန်း နောက်တချက်ထပ်ပစ်တယ်။ အဲဒါ နှစ်ယောက်လုံး တောင်ကြီး စ၀်စံထွန်းဆေးရုံကို ပို့လိုက်ရတယ်။ ဒေါ်နန်းဆွေကတော့ အဲဒီသေနတ်ဒဏ်ရာနဲ့ဘဲ ဒီကနေ့မနက် ဆုံးသွားပြီခင်ဗျ။”
စိုင်းအိန္ဒမှာ ယခင်က စိတ်သိပ်မမှန်သူလို့ သိထားကြပေမယ့် ခုလို သူတပါးထိခိုက်ဒဏ်ရာ ရအောင်တော့ မလုပ်ဖူးကြောင်း၊ အခုလို ဖြစ်ပျက်သွားတော့ လူမမာသည်မိခင်နဲ့ အိမ်သူ အိမ်သားတွေလည်း အိမ်ထဲမနေရဲတော့ဘဲ တခြားကို တိမ်းရှောင်နေရသလို တခြားအိမ်နီးချင်း တွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။
စိုင်းအိန္ဒကို ဖမ်းဆီးရမိဖို့ မိုးနဲ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်းနဲ့ မီးသတ်ဌာန တာဝန်ရှိသူတွေဟာ သူ့အိမ်ရှေ့ကနေ အိမ်ထဲကို ရေနဲ့ ပက်ဖျန်းတာ၊ ခဲတွေနဲ့ ပစ်ပေါက်တာလုပ်ပေမယ့် သူက တံခါးတွေ ပိတ်ပြီး အိမ်ထဲမှာဘဲနေနေကြောင်း၊ ဒါပေမယ့် ၃ ရက်နေ့ ညနေ ၂ နာရီကျော်မှာတော့ အပြင်ကနေ သူ့ ကိုဖမ်းဖို့ကြိုးစားနေတဲ့သူတွေကို တူမီးသေနတ်နဲ့ ထပ်မံပစ်ခတ်ရာမှာ အသက် ၂၂ နှစ်ရွယ် စိုင်းစွမ်ဆိုင်ဆိုသူ လူငယ်ရဲ့ ပခုံးကို ရှပ်ထိသွားတယ်လို့ ဆိုပါတယ်။
စိုင်းစွမ်ဆိုင်မှာ ဒဏ်ရာမပြင်းထန်တဲ့အတွက် မိုးနဲဆေးရုံမှာဘဲ ကုသရပြီး ဒီကနေ့ ဆေးရုံဆင်း ရပြီဖြစ်ကြောင်း၊ ဒါပေမယ့် စိုင်းအိန္ဒကို ဖမ်းလို့မမိသေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုရှိနေပြီး အထူးသဖြင့် အဲဒီနားမှာ မူလတန်းကျောင်းတကျောင်းရှိတဲ့အတွက် စိုင်းအိန္ဒမှ လွတ်မြောက်သွားပြီး ကလေးတွေကို ရန်ပြုမှာလည်း စိုးရိမ်နေကြတယ်လို့ စိုင်းမောင်ကြီးက ပြောပါတယ်။
ဒီကနေ့မှာလည်း ရဲတပ်ဖွဲ့ဝင်တွေက စိုင်းအိန္ဒထွက်လာရင် ၀ိုင်းဝန်းဖမ်းဆီးဖို့ အပြင်ကနေ စောင့်ဆိုင်းနေကြောင်း ၊ ဒါပေမယ့် ရဲတွေကလည်း အချိန်ပြည့်မစောင့်ဆိုင်းနိုင်တော့ အလစ်မှာ ထွက်ပြေးသွားမှာလည်း စိုးရိမ်တယ်လို့ စိုင်းမောင်ကြီးက ပြောပါတယ်။











