တနိုင်းမြို့တွင် လက်နက်ကြီးကျည် ကျရောက်၊ လူ ၃ ဦးဒဏ်ရာရ
ကချင်ပြည်နယ် တနိုင်းမြို့ နောင်းလုံးကောင်ရာကျေးရွာမှာ မနေ့ည သန်းခေါင်ကျော်အချိန်မှာ နေအိမ်တလုံးအပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင်း နေထိုင်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နောင်းလုံးကောင်ရာကျေးရွာရှိ ဦးအင်ဗွေနေအိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်ရှင်အမျိုးသမီး ၁ ဦးနဲ့ သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။
“ဒီနေ့ ကျနော့်ကို ဆက်သွယ်လာတာကတော့ သူတို့အိမ်မှာရှိတဲ့ ည ၁ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးကျလို့ လူ ၃ ဦးနဲ့ ဒီနွားတွေပါ၊ နွားတွေကတော့ သေသွားပြီပေါ့လေ။ လူ ၃ ဦးကတော့ ဒဏ်ရာရတယ်။”
ဒဏ်ရာရသူတွေဟာ ဒီကနေ့မနက် တနိုင်းပြည်သူ့ဆေးရုံကနေ နေ့ခင်းပိုင်းလောက်မှာတော့ တနိုင်းမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဆေးရုံဆီ ပြောင်းရွှေ့ကုသမှု ခံယူနေတယ်လို့ တနိုင်းမြို့ခံ ဦးနော်တောင်က ပြောပါတယ်။
“ပြည်သူ့ဆေးရုံက ဒကစဆေးရုံကို ပြန်ရွှေ့သွားပြီ။ သူတို့ ဒကစမှူးကြီး ကိုယ်တိုင်ကလည်း သူတို့လူနာတွေကို ပြုစုမယ်ဆိုပြီးတော့ သူတို့ မြို့နယ်ဆေးရုံမှာကျတော့ နည်းနည်း ဒီ မိုင်းစတွေ ဘာတွေ ခွဲစိတ်တဲ့နေရာမှာ အခက်ခဲဖြစ်မှာစိုးလို့ သူတို့စစ်တပ်မှာပဲ စက်ကိရိယာလည်းစုံတယ်။ ဆရာဝန်လည်းစုံတယ်ဆိုပြီးမှ ခေါ်သွားတာ။”
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်မှာမွေးထားတဲ့ နွား ၂ ကောင်လည်း သေဆုံးသွားကြောင်း သိရပါတယ်။
နောင်းလုံးကောင်ရာကျေးရွာဟာ တနိုင်းမြို့နဲ့ ၁၀ မိုင်လောက်အကွာမှာ တည်ရှိပြီး လက်နက်ကြီးကျချိန် မှောင်နေတဲ့အတွက် ဘယ်ဘက်ကပစ်လဲဆိုတာ ဒေသခံတွေအနေနဲ့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။
မနေ့ညက ကျေးရွာတွင်း လက်နက်ကြီးကျည်တလုံးအပြင် ကျေးရွာပြင်မှာလည်း ၄ လုံးလောက် ကျခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဒေသမှာ ဇွန်လ ၃ ရက်နေ့ကနေ ဒီနေ့အထိ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၁၄ အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာလို့ ဦးနော်တောင်က ပြောပါတယ်။
တိုက်ပွဲကြောင့်လည်း ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာရှိတဲ့ နောင်ခမ်ရွာက ဒေသခံပြည်သူ ၂၀၀၀ လောက်လည်း မလုံမခြုံဖြစ်နေရပြီး တနိုင်းမြို့ကိုလာဖို့လည်း လမ်းတွေပိတ်ထားတဲ့အတွက် ပိတ်မိနေသလို ဖြစ်နေတယ်လို့လည်း ဦးနော်တောင်က ပြောပါတယ်။











