
စပိန်နိုင်ငံဆီ တရားမဝင် ဒုက္ခသည်ပေါင်း ၂,၀၀၀ ကျော် ခိုးသွင်းခဲ့တယ်လို့ ယူဆရတဲ့ မြေထဲ ပင်လယ်ဒေသတွင်း အကြီးမားဆုံး လူမှောင်ခို ရာဇဝတ်ဂိုဏ်းကြီးတခုကို ဖြိုခွဲနိုင်ခဲ့ပြီလို့ ဩဂုတ် ၇ ရက်မှာ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
"စပိန်ပြည်သူ့အစောင့်တပ်ဖွဲ့နဲ့ အမျိုးသားရဲတပ်ဖွဲ့တို့ဟာ မြေထဲပင်လယ်ဒေသမှာ အခုချိန်ထိ တွေ့ရှိ ခဲ့သမျှထဲမှာ အရှုပ်ထွေးဆုံး၊ လှုပ်ရှားမှုအများဆုံးနဲ့ အန္တရာယ်အရှိဆုံး နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးတခုကို အောင်အောင်မြင်မြင် ဖြိုခွဲနိုင်ခဲ့တာပါ" လို့ စပိန်ပြည်သူ့အစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဂိုဏ်းဟာ စပိန်ကနေ အယ်လ်ဂျီးရီးယားကို ဓာတုမူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့ မြန်နှုန်းမြင့် စပိဘုတ်တွေကို အသုံးပြုခဲ့ပြီး ပြန်အလာလမ်းမှာတော့ အိုင်ဘေးရီးယန်းကျွန်းဆွယ် အရှေ့တောင်ဘက် ကမ်းရိုးတန်းနဲ့ အီဘီဇာ ကျွန်းဆီ ဒုက္ခသည်တွေကို ခိုးသွင်းတာ ဖြစ်ပါတယ်။
ဒီရာဇဝတ်ဂိုဏ်းဟာ စပိဘုတ်တွေကို ကာကွယ်ဖို့အတွက် အလွန်အမင်း အကြမ်းဖက်တဲ့ နည်းလမ်း တွေကို သုံးခဲ့ပါတယ်။
သူတို့ဟာ အနည်းဆုံး လူမှောင်ခိုကူးမှု ၆၄ ကြိမ် ကျူးလွန်ခဲ့ပြီး ယူရို ၂၄ သန်း (ဒေါ်လာ ၂၇ သန်း) အထိ အမြတ်အစွန်း ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထပ်လောင်း ပြောပါတယ်။
အနောက်အာဖရိက နိုင်ငံတွေနဲ့ သဘောတူညီချက်တွေကြောင့် ကနေရီကျွန်းစုဆီ ရောက်ရှိမှု ၆၀ ရာခိုင်နှုန်းကျဆင်းသွားကာ ပင်လယ်ကြောင်း တရားမဝင် ဝင်ရောက်မှု စုစုပေါင်း ၃၁ ရာခိုင်နှုန်း လျော့ကျသွားပေမဲ့ မှောင်ခိုသမားတွေက အယ်လ်ဂျီးရီးယားဘက် လမ်းကြောင်း ပြောင်းလိုက်တာ ကြောင့် စပိန်ပင်မကုန်းမြေနဲ့ ဘာလီအာရစ်ကျွန်းစုဆီ ဝင်ရောက်မှုကတော့ ၂၂ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့တာပါ။
ဥရောပရဲတပ်ဖွဲ့ (ယူရိုပိုလ်) နဲ့ ပြင်သစ်၊ ပေါ်တူဂီ၊ ပိုလန် ရဲတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း ယူရို ၅ သန်းကျော် တန်ဖိုးရှိ စပိဘုတ် ၁၈ စီးကို ရဲတွေက သိမ်းဆည်းခဲ့ပြီး စပိန်မှာ ၇၇ ယောက်နဲ့ အယ်လ်ဂျီးရီးယားမှာ ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ဒီဂိုဏ်းဟာ တယောက်ကို ယူရို ၁၂,၀၀၀ အထိ တောင်းခံကာ တခေါက်ကို လူ ၅၀ အထိ တင်ဆောင်ခဲ့ပါတယ်။
ပင်လယ်ပြင်ဖြတ်သန်းမှုအတွင်း အသက်ကယ်အင်္ကျီ မပါဘဲ ကြပ်ညှပ်စွာ အရှိန်ပြင်းပြင်း သွားကြ ရသလို၊ ပင်လယ်ထဲ ပြုတ်မကျအောင် ကြိုးနဲ့ ချည်နှောင်ထားခံရတာမျိုးအထိ အန္တရာယ် ကြီးမား ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










