DVB Logo
Home
မြန်မာသတင်း
ကျောင်းထုတ်ခံရသည့် ကိုဇော်ရဲထွဋ် ကျောင်းပြန်တက်ခွင့်ရရေး ဗကသ တောင်းဆို
DVB
·
June 4, 2017
ကျောင်းထုတ်ခံရသည့် ကိုဇော်ရဲထွဋ် ကျောင်းပြန်တက်ခွင့်ရရေး ဗကသ တောင်းဆို
Donate to DVB

လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတဲ့ ဒီပလိုမာကျောင်းသား ကိုဇော်ရဲထွဋ်ကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းအုပ်ကြီးက ကျောင်းက ထုတ်ပယ်ခဲ့တဲ့အပေါ် ကျောင်းပြန်တက်ခွင့်ရဖို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) နဲ့ ဗကသ ကျောင်းသားတွေ ဦးဆောင်က ဒီနေ့ မီဒီယာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းပညာရေးကောလိပ်ဟာ စစ်အစိုးရလက်ထက်ထဲကပြုလုပ်ခဲ့တဲ့ ဖိနှိပ်မှုတွေ ဆက်ရှိနေတာကို မကျေနပ်လို့ အဆင့်မြင့်ပညာဦးစီးရုံးရှေ့မှာ ဆန္ဒပြခဲ့သူ ဒုတိယနှစ်ကျောင်း သား ကိုဇော်ရဲထွဋ်ဟာ နိုင်ငံရေးဆူပူမှုနဲ့ မေလ ၉ ရက်နေ့က ထောင်ဒဏ် ၄ လချခံရပြီး မေလ ၂၄ ရက်နေ့မှာ မန္တလေးထောင်ကနေ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာခဲ့သူပါ။

ကိုဇော်ရဲထွဋ်ဟာ စစ်ကိုင်းပညာရေး ကောလိပ်ကျောင်းအုပ်ကြီး လက်မှတ်နဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ကျောင်းထုတ်တဲ့အပေါ် ကိုဇော်ရဲထွဋ်က “အခုတော့ ကျနော်တို့တွေဟာ အဆင့်မြင့်ပညာအောက် ရောက်လာတဲ့အချိန်မှာ ဘာမှ ပြောင်းလဲသွားတာမရှိသေးဘူးဗျာ။ ပြောင်းလဲသွားတာက အဆောင်ကြေးတွေ တိုးလာတာ၊ ဖရက်တစ်ကာကြေးတွေ တိုးလာတာ။ ဒါလောက်ပဲ ပြောင်းလဲသွားတယ်။ ကျနော်တို့မှာ ဖိနှိပ်ထားတဲ့ စည်းကမ်းတွေ၊ နိုင်ငံသား တယောက်ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ ရိုက်ချိုးထားတဲ့ စည်းကမ်းတွေနဲ့ပတ်သက်ပြီး ဘာမှ ပြောင်းလဲမသွားသေးဘူးဗျာ။ အဲဒါကြောင့်မို့ ကျနော်အဆင့်မြင့်ပညာရှေ့မှာ ဆန္ဒထုတ်ဖော် တာ။ ဒါကို နိုင်ငံရေးဆူပူမှုဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်လိုက်တာဟာ အင်မတန် ရုပ်ဆိုးလွန်းတယ်လို့ပဲ ကျနော် ယူဆပါတယ်။”လို့ ပြောပါတယ်။

ပြစ်မှုတရပ်အတွက်၊ ပြစ်ဒဏ် ၂ ခါ ကျခံရတဲ့ပုံစံမျိုး ဒီအစိုးရလက်ထက်မှာ မဖြစ်သင့်တော့ဘူးလို့ ဒဂုံတက္ကသိုလ်ဆရာဆရာများသမဂ္ဂ ဥက္ကဋ္ဌ  ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။

“ကျောင်းသားတယေက်က ပြစ်ဒဏ်လည်း ကျခံရပြီးပြီ။ နောက်ပြီးတော့မှ ပညာသင်ယူခွင့် ဆုံးရှုံးတယ်ဆိုတဲ့ ဟာမျိုးက ဒီခေတ်စနစ်မှာ မရှိသင့်တော့ဘူးလို့ ကျနော်တို့ ယူဆတယ်။ ယုံလည်း ယုံကြည်တယ်။ လုံးဝ မရှိသင့်တော့ဘူး။  ကျနော်တို့ ဒီလူ့အဖွဲ့အစည်းက ဘယ်လိုစဉ်းစားလဲဆိုလို့ရှိရင် ပညာသင်ယူခွင့်အားလုံးသည် အကုန်လုံးကို ဖွင့်ပေးထားရမယ်။ အကုန်လုံးနေရာဒေသစုံမှာ ဘယ်နေရာမဆို ပညာသင်ယူခွင့်ရအောင် လုပ်ပေးထားသင့်တဲ့အနေအထား တရပ်ကို ဖန်တီးပေးထားရမယ်လို့  ကျနော်မြင်တယ်။  ”

အဲ့ဒီအတွက် ဆန္ဒထုတ်ဖော်လို့ ထောင်ကျခံရတဲ့ကျောင်းသားကို ထောင်ကလွတ်ချိန်မှာ နောက်ထပ် ပြစ်ဒဏ် ပုံစံနဲ့ကျောင်းတက်ခွင့်မပေးတဲ့အပေါ် NLD အစိုးရအနေနဲ့ကော ပညာရေးဝန်ကြီးဌာန ဘက်ကနေ ပညာသင်ယူခွင့်ပြုဖို့ NNER က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“အန်အယ်ဒီပါတီသည် ကျောင်းသားထု၏ တိုက်ပွဲအဆင့်ဆင့်ကို အခြေခံဖွဲ့စည်းခဲ့သော ပါတီဖြစ်ပြီး လူထု၏ ဆန္ဒဖြင့် တက်လာသော အစိုးရဖြစ်ခြင်းကြောင့်  နိုင်ငံရေးအကြောင်းပြ ချက်ဖြင့် ကျောင်းသားတဦးကို ကျောင်းထုတ်သည့်ကိစ္စသည် မလျော်ကန်ပါ။ ”

လက်ရှိမှာ ဒုတိယနှစ်ကျောင်းသားကိုဇော်ရဲထွဋ်ကျောင်းပြန်တက်ခွင့်ရဖို့နဲ့ ပညာရေး ကောလိပ်၊ တက္ကသိုလ် တွေမှာ ဆန္ဒမပြရ၊လက်ကမ်းစာစောင်မဝေရစတဲ့ ခေတ်နဲ့မလျော်ညီတဲ့ စည်းကမ်းစတာတွေ ပြန်ပြုပြင်ဖို့ ဆိုတဲ့အချက် ၂ချက်ကို အဓိကတောင်းဆိုထားပါတယ်။

ဇွန်လ ၅ ရက်နေ့မှာတော့ သက်ဆိုင်ရာဌာနကနေ ကျောင်းတက်ခွင့် ပြန်ရမရ အကြောင်းပြန်မယ်လို့ဆိုပါတယ်။

အဓိက တောင်းဆိုတဲ့အချက် ၂ ခုကို အတတ်နိုင်ဆုံးဆွေးနွေးညှိနှိုင်းလို့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြမှုလမ်းကြောင်းနဲ့အတူ ပြင်းထန်တဲ့နည်းလမ်းတွေ ကျင့်သုံးသွားမယ်လို့ ဗကသကျောင်းသားတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013